
လွန်ခဲ့သည့် ၂၁ နှစ်ကျော်ကတည်းက မြေပုံဝါသနာရှင်များ၊ ကျောင်းသားများနှင့် အင်ဂျင်နီယာများအထိ လူတိုင်း စွဲစွဲမြဲမြဲ သုံးစွဲလာခဲ့ကြသည့် Google Earth Pro (Desktop) ကို Google မှ လာမည့် ၂၀၂၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် Supporting ပေးတာ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၆ ဇူလိုင် ၈ ရက်နေ့က တရားဝင် ကြေညာခဲ့ပါတယ်။
ဒီလိုရပ်နားလိုက်ရင် ဘာဖြစ်မလဲဆိုတော့ သင့်ကွန်ပျူတာအသစ်မှာ Google Earth Pro ကို ထပ်မံထည့်သွင်းဖို့ installer ဒေါင်းလုဒ်ဆွဲလို့ ရတော့မှာ မဟုတ်ပါဘူး။ (မိမိစက်ထဲမှာ ရှိပြီးသား application ကတော့ ဆက်သုံးလို့ရနေဦးမှာပါ)။ Google က Web Version ကိုပဲ ဆက်ပေးတော့မှာဖြစ်ပြီး၊ Web Version ကတော့ Desktop လောက် Features မစုံတဲ့အပြင်၊ မိမိဒေတာတွေကို Cloud ပေါ် တင်ပြီးမှ ဖွင့်ရတာမို့လို့ ဒေတာလုံခြုံမှုကို အလေးပေးသူတွေအတွက် အဆင်မပြေလှပါဘူး။
ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူး။ ဒီရက်ပိုင်းမှာပဲ Google Earth နေရာမှာ အစားထိုးအသုံးပြုနိုင်မည့်၊ အလွန်ပေါ့ပါးပြီး သုံးရလွယ်ကူတဲ့ “GeoLibre” ဆိုတဲ့ Open-Source (အခမဲ့) ဆော့ဖ်ဝဲအသစ်တစ်ခု ထွက်ရှိလာပါတယ်။ ၎င်းကို နာမည်ကျော် ပရော်ဖက်ဆာ Dr. Qiusheng Wu နှင့် အဖွဲ့က ဖန်တီးထားတာဖြစ်ပြီး၊ ကွန်ပျူတာထဲ Software ထည့်ပြီးတော့ရော (Desktop)၊ Web Browser ပေါ်မှာပါ နှစ်မျိုးလုံး အခမဲ့ သုံးနိုင်ပါတယ်။
သာမန် Google Earth သုံးစွဲသူများအတွက် GeoLibre
နားလည်ရခက်တဲ့ နည်းပညာစကားလုံးတွေ မပါဘဲ၊ ကျွန်တော်တို့ နေ့စဉ်သုံးနေကျ Google Earth နဲ့ ဘာတွေကွာခြားလဲဆိုတာကို အလွယ်ကူဆုံး ရှင်းပြပေးပါမယ်။
၁။ မြေပုံနောက်ခံ (Base Maps) စုံလင်စွာ ရနိုင်ခြင်း
Google Earth က ၎င်းတို့ရဲ့ ကိုယ်ပိုင် Satellite Image တစ်ခုတည်းကိုပဲ သုံးရပေမဲ့၊ GeoLibre မှာတော့ အခမဲ့ရနိုင်တဲ့ ကမ္ဘာ့အဆင့်မြင့် မြေပုံနောက်ခံအမျိုးမျိုးကို စိတ်ကြိုက်ပြောင်းသုံးနိုင်ပါတယ်။
- Maps – OSM, ESRI Maps, World Shaded Relief Map,
- Imagery – Google Satellite, ESRI Imagery, MODIS Terra color, Mapbox satellite
- ညဘက် ကမ္ဘာ့မီးရောင်များကို ကြည့်နိုင်သည့် VIIRS Earth Night
- (မိမိမှာ API Key ရှိရင် Mapbox, Maptiler သို့မဟုတ် Amazon မြေပုံတွေကိုပါ ထည့်သုံးနိုင်ပါတယ်)

၂။ တည်နေရာ ရှာဖွေခြင်းနှင့် မြေပုံပေါ်တွင်ဆွဲခြင်း (Drawing)
- ရှာဖွေရလွယ်ကူခြင်း – Google Earth လိုပဲ Search Box မှာ တည်နေရာအမည်ရိုက်ပြီး အလွယ်တကူ ရှာဖွေနိုင်ပါတယ်
- မြေပုံဆွဲခြင်း – အမှတ်ချခြင်း (Point)၊ လမ်းကြောင်းဆွဲခြင်း (Line) နှင့် ဧရိယာသတ်မှတ်ခြင်း (Polygon) များကို လွတ်လပ်စွာ ဆွဲနိုင်ပါတယ်။ အမှတ်အသားတွေကို ရိုးရိုးပုံစံများ (အဝိုင်း၊လေးထောင့်၊ သုံးထောင့်၊ ငါးထောင့်စသည်..) အပြင် SVG Icons တွေနဲ့ လည်းပြသလို့ရသလို၊ Polygon အကွက်တွေကိုလည်း အရောင်ဖြည့်တာအပြင်၊ အစင်းကြောင်းပုံစံ (Pattern/Hatch) တွေနဲလည်းပြလို့ရပါတယ်။

၃။ တိုင်းတာခြင်း (Measurement) နှင့် Elevation profile ဆွဲခြင်း
- Google Earth မှာလိုပဲ လမ်းအလျား (Distance) နဲ့ ဧရိယာ (Area) ကို ယူနစ်အမျိုးမျိုးပြောင်းပြီး တိုင်းတာနိုင်ပါတယ်။ (သတိပြုရန်မှာ လက်ရှိ ဗားရှင်းတွင် ပတ်လည်အနားအလျား ဖော်ပြပေးခြင်း မရှိသေးသလို၊ အမှတ်တစ်ခုကို ဗဟိုပြုပြီး စက်ဝိုင်း ဝိုင်းတိုင်းသည့် တိုင်းတာမှုလည်း မပါဝင်သေးပါ)။ တိုင်းတာမှုတွေကို datum မျက်နှာပြင်ပေါ်မှာပဲလုပ်ဆောင်ပြီး Terrain မျက်နှာပြင်ပေါ်မှာတိုင်းတာမှုမျိုးတောမရရှိသေးတာတွေ့ရပါတယ်။
- မြေပြင်အနိမ့်အမြင့် ဖြတ်ပိုင်းမျဉ်းကြည့်ဖို့ Elevation Profile Plugin ထည့်သွင်းပေးထားပါတယ်။ Elevation profile ကို CSV, PNG file တို့ဖြင့်လည်းသိမ်းဆည်းထားနိုင်ပါသေးတယ်။

၄။ အတိတ်ပုံရိပ်ဟောင်းများ ရရှိနိုင်မှု
အတိတ်က ပုံရိပ်ဟောင်းများ (Historical Images) ကိုကြည့်ရှုဖို့အတွက် ESRI Wayback layer ကိုထောက်ပံ့ထားပါတယ်။ Google Earth လောက် နေရာများများစားမပါသလို အချိန်လည်းများများစားစားရိုက်ကူးထားတာမရှိပါဘူး။

၄။ အခြားဂြိုဟ်များ (Planets)၊ ခရီးစဉ်များ (Tour)၊ လမ်းကြားမြင်ကွင်းများ (street views)
- Google Earth ထဲကလိုပဲ လကမ္ဘာ (Moon) နဲ့ အင်္ဂါဂြိုဟ် (Mars) တွေကိုပါ ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။
- နေရာတစ်ခုကနေ တစ်ခုကို ပျံသန်းပြသပေးမယ့် ခရီးစဉ် (Tour) ပြုလုပ်တဲ့စနစ်လည်း ပါဝင်ပါတယ်။
- Google Street View နှင့် Mapillary Street view များလည်း API Key ထည့်သွင်းအသုံးပြုနိုင်ပါတယ်
ဒီအထိကတော့ Google Earth မှာ လူအများလုပ်ကိုင်လေ့ရှိတဲ့ လုပ်ဆောင်ချက်တွေ ကို GeoLibre မှာ အလားတူလုပ်ဆောင်လို့ရနိုင်တာကို ရှင်းလင်းပြတာပဲဖြစ်ပါတယ်
Google Earth မှာ မပါဘဲ GeoLibre မှာပဲရမယ့် အလန်းစားလုပ်ဆောင်ချက်များ
- ဒေတာအမျိုးမျိုး ထည့်သွင်းနိုင်ခြင်း (GIS Import) – သာမန် KML ဖိုင်တွေအပြင် FGDB, geopackage, perquet, Shapefile (.shp), Excel စာရင်းဇယား (CSV), နှင့် ပုံရိပ်ဖိုင် (Raster TIFF) စတဲ့ ဖိုင်မျိုးစုံကို ဆော့ဖ်ဝဲထဲ ဆွဲထည့်ပြီး တိုက်ရိုက် ကြည့်နိုင်ပါတယ်။
- Story Map – အကြောင်းအရာတစ်ခု လေ့လာတွေ့ရှိချက်တစ်ခုကို ဖတ်ရှုသူကို တဆင့်ခြင်း ရှင်းပြပြီးနားလည်စေနိုင်တဲ့ tool ဖြစ်ပါတယ်
- AI နည်းပညာနှင့် ကူညီပေးခြင်း – ဆော့ဖ်ဝဲထဲမှာ တခါတည်း ပါဝင်တဲ့ AI Assistant & GeoAgent (OpenAI, Gemini သုံး) ကြောင့် မြေပုံအလုပ်တွေကို AI ရဲ့ အကူအညီနဲ့ ပိုမိုမြန်ဆန်အောင် ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။
- Processing Tools များ – GIS/Spatial processing မျိုးစုံအတွက် tool မျိုးစုံထည့်သွင်းပေးထားတာတွေ့ရပါတယ်။ ဥပမာ အနည်းငယ် အနေနဲ့ပြောရရင် Conversion tools, Hydrology tools, Lidar tools, Network tools, Terrain analysis tools, Remote sensing tools တို့ဖြစ်ပါတယ်။
အထက်ပါဖော်ပြချက်တွေဟာ version 2.0 အတွက်ပဲဖြစ်ပါတယ်။ GeoLibre ဟာနေ့စဉ် update ပြုလုပ်နေတာဖြစ်ပြီး အသစ်ထွက်လာမည့် version တွေမှာ ဘယ်လို ထူးထူးခြားခြားလုပ်ဆောင်ချက်တွေပါလာမလဲ ဆိုတာ မျက်ခြေမပြတ်စောင့်ကြည့်ပြီး Google Earth မရတော့မည့်အချိန်တွေအတွက် အသုံးပြုနိုင်အောင် လေ့လာထားကြဖို့တိုက်တွန်းရင်း ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။
