
ပုံမူရင်း – ဖိုဝင်းတောင် Google Earth
ဆောင်းပါးမူရင်း – What spatial resolution is enough for you?
ပုံရိပ်ဖော်နိုင်စွမ်းသို့မဟုတ် အသေးစိတ်မြင်နိုင်စွမ်း သည် အဝေးမှစူးစမ်းလေ့လာခြင်းလုပ်ငန်း remote sensing တွင် အရေးကြီးသည့်အချက်တစ်ခုဖြစ်သည်။ မည်မျှအသေးစိတ်မြင်နိုင်သည်ဆိုသည်မှာ အသုံးပြုသည့် ဂြိုဟ်တု၏ ပုံရိပ်ဖော် နိုင်မှုစွမ်းအားပေါ် တွင်မူတည်နေ သည်။ အများအမှတ်မှားနေသည်အချက်တစ်ခုမှာ ပိုပြီးအသေးစိတ်မြင်ရလျင်ပိုကောင်းသည်ဟူသည့် အချက်ဖြစ်သည်။ လက်တွေ့ တွင် မည်မျှ အသေးစိတ်မြင်ရဖို့လိုသည်မှာ ဖြေရှင်းလိုသည့်အကြောင်းအရာ နှင့် များစွာပါတ်သက်နေသည်။
ဂြိုဟ်တုဓါတ်ပုံဒေတာများ၏ ပုံရိပ်ဖော်နိုင်မှုစွမ်းအား (Spatial Resolution) ဆိုသည်မှာ အဘယ်နည်း။
ပုံရိပ်ဖော်နိုင်မှုစွမ်းအား (Spatial Resolution) ဆိုသည်မှာ pixel တစ်ကွက်က်ကကိုယ်စားပြုသည့် မြေပြင်ပေါ်ရှိ အကျယ်အဝန်းအရွယ်အစားကို ရည်ညွှန်းပါသည်။ pixel တစ်ကွက်သည် optical ဂြိုဟ်တုဓါတ်ပုံတစ်ပုံ၏ အသေးငယ်ဆုံးသော “အစက်” ဖြစ်ပြီး တစ်နည်းအားဖြင့် ဓါတ်ပုံတစ်ပုံသည် မည်မျှအသေးစိတ်ဖော်ပြနိုင်သည်ကို သတ်မှတ်ပေးသည်။ ဥပမာအားဖြင့် Landsat ပုံများသည် 30m resolution ရှိပြီး ဆဲအကွက်တစ်ကွက် (pixel) သည် မြေပြင်ပေါ်ရှိ ၃၀ x ၃၀ မီတာပတ်လည်ရှိသော ဧရိယာအား ကိုယ်စားပြုသည့်အတွက် ပုံရိပ်ဖော်နိုင်မှုစွမ်းအား အလယ်အလတ်ရှိသည့် (medium-resolution) ပုံဟုသတ်မှတ်ထားသည်။ ၎င်းပုံသည် မြို့ဧရိယာတစ်ခုလုံးကို လွှမ်းခြုံနိုင်သော်လည်း အိမ်များ သို့မဟုတ် ကားများကဲ့သို့သော အရာဝတ္ထုတစ်ခုချင်းစီအား အသေးစိတ်ခွဲခြားမြင်နိုင်ရန် မလုံလောက်ပါ။
ပုံရိပ်ဖမ်းနည်းပညာများသည် အချိန်နှင့်အမျှ တိုးတက်နေသည့်အတွက် ပုံရိပ်ဖော်နိုင်မှုစွမ်းအား (Spatial Resolution) အား အနိမ့်စား၊ အလယ်အလတ်နှင့် အမြင့်စား ဟူ၍ ခွဲခြားထားချက်များသည် ယာယီသာဖြစ်သည်။ ဥပမာအားဖြင့် ၁၉၈၀ ခုနှစ်များခန့်က ပုံရိပ်ဖော်နိုင်မှုစွမ်းအားမြင့်သည် ဟု ယူဆခဲ့သည့် pixel တစ်ကွက်တွင် ၆၀ မီတာ ရှိသော NASA ၏ Landsat ဂြိုဟ်တုပုံများသည် ယနေ့ခေတ်စံနှုန်းအရ ပုံရိပ်ဖော်နိုင်မှုစွမ်းအားနိမ့် (low resolution) ပုံ များဖြစ်လာကြသည်။ ယခုအချိန်တွင် ပုံရိပ်ဖော်နိုင်မှုစွမ်းအားမြင့်စီးပွားဖြစ်ရိုက်ကူးသည့်ဂြိုဟ်တုများက ပေးပို့သည့် 30cm resolution သည် အကောင်းဆုံးကြည်လင်မှုဖြစ်လာသည်။
- ပုံရိပ်ဖော်နိုင်စွမ်းအား အနိမ့် (Low resolution) – pixel တစ်ကွက် ၆၀ မီတာအထက်
- ပုံရိပ်ဖော်နိုင်စွမ်းအားအလယ်အလတ် (Medium resolution) – pixel တစ်ကွက် ၁၀ – ၃၀ မီတာကြား
- ပုံရိပ်ဖော်နိုင်မှုစွမ်းအားမြင့်မှ ပုံရိပ်ဖော်နိုင်မှုစွမ်းအားအလွန်မြင့် (High to very high resolution) – pixel တစ်ကွက် ၃၀ စင်တီမီတာ – ၅ မီတာကြား
ဂြိုဟ်တုဓါတ်ပုံ အမျိုးမျိုး၏ ကြည်လင်ပြတ်သားမှုများကြား ခြားနားချက်များအား နမူနာအဖြစ် အောက်တွင် ဖော်ပြထားသော ဗင်းနစ်မြို့၏ ပုံနှစ်ပုံတွင် ကြည့်ရှုနိုင်ပါသည်။ ပထမပုံသည် Pleiades satellite (Airbus) မှရိုက်ကူးထားသော ပုံရိပ်ဖော်နိုင်မှုစွမ်းအားမြင့် (high resolution) ၅၀ စင်တီမီတာရှိသော ဓါတ်ပုံဖြစ်ပြီး အဆောက်အအုံများ၊ လှေငယ်များ၊ လမ်းကျဉ်းများအား ရှင်းလင်းပြတ်သားစွာ မြင်ရမည်ဖြစ်သော်လည်း ထိုဓါတ်ပုံရရှိရန်အတွက် အခကြေးငွေ ပေးရမည်ဖြစ်သည်။ ဒုတိယပုံသည် ပိုမိုရုပ်ထွက်ကြမ်းသော မြင်ကွင်းရှိပြီး Sentinel-2 မှ ရိုက်ကူးထားသော ပုံရိပ်ဖော်နိုင်မှုစွမ်းအားအလယ်အလတ် (medium-resolution) – pixel တစ်ကွက်တွင် ၁၀ မီတာရှိသည့် ဓါတ်ပုံဖြစ်သည် – open source ဂြိုဟ်တုဒေတာဖြစ်သည့်အတွက် အခမဲ့ရယူနိုင်သည်။

ဂြိုဟ်တုဓါတ်ပုံအသုံးပြုရာတွင် တတိယရွေးချယ်စရာတစ်ခုမှာ ဂြိုဟ်တုပုံအောက်ခံထားသည့်မြေပုံများ ဂြိုဟ်တုမြေပုံ များ (satellite maps) ဖြစ်သည်။ တစ်ကမ္ဘာလုံးအတွက် ပုံရိပ်ဖော်နိုင်မှုစွမ်းအားမြင့်(high resolution) မြေပုံကို Google Maps နှင့် Bing Maps များတွင် အခမဲ့ရယူနိုင်ပါသည်။ ကြည်လင်ပြတ်သားသည့် ပုံများရယူရန်အတွက် အခကြေးငွေပေးရန်လည်းမလိုတော့သလို ဂြိုဟ်တုဒေတာဘေ့စ် တစ်ခုမှ ပုံများအား တစ်ခုပြီးတစ်ခုဆွဲချယူရန်လည်းမလိုအပ်တော့ပါ။ သို့သော် အချိန်တစ်ခု(unknown)တွင်ရိုက်ထာားသည့် နေရာတစ်ခုကို အနီးကပ်ကြည့်ရှုရုံမှလွဲ၍ အမှန်တကယ် အသုံးဝင်သော အချက်အလက်များအား Google Maps မှ ရရှိနိုင်ပါသလား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။
မိမိ၏လိုအပ်ချက်များ နှင့် ကိုက်မည့် ပုံရိပ်ဖော်အရည်အသွေး ကို နားလည်နိုင်ရန် တစ်ခုချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
ပုံရိပ်ဖော်နိုင်မှုစွမ်းအားနိမ့် နှင့် အလယ်အလတ် ပုံရိပ်များ – Low and Medium Resolution Imagery
ယနေ့ခေတ်တွင် တစ်ကမ္ဘာလုံးလွှမ်းခြုံ သည့် အခမဲ့ open source ဂြိုဟ်တုဓါတ်ပုံ အမြောက်အမြားရှိပါသည်။ ဥရောပါအာကာသ အေဂျင်စိ (ESA) ၏ Sentinel ဒေတာနှင့် နာဆာ NASA ၏ Landsat ဒေတာများသည် ကမ္ဘာမြေ လေ့လာရေးလုပ်ငန်းများအတွက် အသုံးအများဆုံးအရင်းအမြစ်နှစ်ခုဖြစ်ပြီး ၎င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ အထိ ကာလကပုံများကို ပြန်လည်ကြည့်ရှုနိုင်သည့်အပြင် ရောင်စဉ်လှိုင်းအမျိုးမျိုး ဖြင့် သီးနှံစိုက်ခင်းများကို ခွဲခြမ်းလေ့လာစိတ်ဖြာခြင်းမှအစ မီးလောင်မှုများ ရှာဖွေခြင်း၊ ရေခဲမြစ်များအား စောင့်ကြည့်ခြင်းများအထိ လိုသလိုအသုံးပြုနိုင်ပါသည်။
အားသာချက်များ
- အခမဲ့ရနိုင်သော ဓါတ်ပုံများစွာရှိခြင်း
အင်တာနက်တွင် ဂြိုဟ်တုဒေတာများရယူရန် ဝန်ဆောင်မှုပေးသော LandViewer တစ်ခုတည်းမှာပင် ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး datasets ၈ ခုအား အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ပုံများသည် ပုံရိပ်ဖော်နိုင်မှုစွမ်းအား (၁၀ – ၅၀၀ မီတာ/pixel) အမျိုးမျိုးရှိပြီး အချိန်ခြားနားချက်မှာ ၂ ရက်မှ ၁၆ ရက်ဖြစ်သည်။ ထို့အပြင် ရောင်စဉ်လှိုင်းများမှာလည်း ၄ ခုမှ ၁၂ ခုထိ ပါဝင်ပါသည်။ Sentinel 2 ၊ Landsat 8 OLI နှင့် TIRS၊ Landsat ETM+ ၊ MODIS ဒေတာများသည် နောက်ဆုံးရပုံများ ကို ပုံမှန်တင်ပေးထားပြီး ကြည့်ရှုခြင်း၊ ခွဲခြမ်းလေ့လာစိတ်ဖြာခြင်း သို့မဟုတ် ရယူခြင်းတို့အတွက် ချက်ချင်းအသုံးပြုနိုင်ပါသည်။
- အဝေးမှအာရုံခံခြင်းနည်းပညာဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်သည့်ရောင်စဉ်လှိုင်းလွှာများပါခြင်း
ပုံရိပ်ဖော်နိုင်မှုစွမ်းအားနိမ့်နှင့်အလယ်အလတ် (Low and Medium-Resolution) ဒေတာများအတွက် အရေးကြီးဆုံးသောအရာမှာတ်ပုံတိုင်းတွင်ပါရှိသော ရောင်စဉ်လှိုင်းအလွှာများဖြစ်သည်။ အဆိုပါ ရောင်စဉ်လှိုင်းအလွှာများအရောအစပ်အမျိုးမျိုး နှင့် ၎င်းတို့အားအခြေခံ၍ တွက်ချက်ထားသော အညွှန်းကိန်းတို့ ဖြင့် “ဖုံးကွယ်နေသည့်”အ ချက်အလက်များ သို့မဟုတ် တိုက်ရိုက်မမြင်နိုင်သောအ ကြောင်းအရာများကိုဖော်ထုတ်ပေးနိုင်သည်။
Open source ဂြိုဟ်တုဒေတာများ၏ ရောင်စဉ်လှိုင်းအလွှာများကို အကြိုပြုပြင်ခြင်း (pre-processing) လုပ်ငန်း (လေထုနှောက်ယှက်မှုဖယ်ရှားခြင်း၊ ကြည်လင်ပြတ်သားမှုမြှင့်ခြင်း(pansharpening)) နှင့် ပုံရိပ်သုံးတွက်ချက်ခြင်း (မြေယာအသုံးချမှု၊ မြေယာဖုံးလွှမ်းမှုအမျိုးအစား စသည်ဖြင့်) တို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပါသည်။ အခမဲ့ရနိုင်သော ရောင်စဉ်လှိုင်းမျိုးစုံပါပုံတစ်ပုံမှပေးသည့် ကျယ်ပြန့်သည့် တွက်ချက်ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အခွင့်အလမ်းများ သည် ၎င်း၏ ကြည်လင်ပြတ်သားမှုနိမ့်နေ ခြင်းကို အစားထိုးအလျော်ပေးသလိုဖြစ်စေပါသည်။

အထက်တွင်ဖော်ပြထားသော 50cm SuperView-1 သဘာဝအရောင်ဓါတ်ပုံနှင့် အောက်တွင်ဖော်ပြထားသော 30m Landsat 8 color-infrared ဓါတ်ပုံတို့မှ ရရှိသော အချက်အလက်များအား နှိုင်းယှဉ်ကြည့်ပါ။ ပုံရိပ်ဖော်နိုင်မှုစွမ်းအားမြင့် (high-resolution) ဓါတ်ပုံရှိ အနက်ရောင်ဧရိယာများသည် ရေနက်ဧရိယာများ သို့မဟုတ် မြေပြင်ပြောင်ဟု မှားနိုင်သော်လည်း အနည်းငယ်ကြမ်းသည့် အနီအောက်ရောင်ခြည်ဓါတ်ပုံတွင် ၎င်းနေရာ၌သစ်တောသစ်ပင်များ ရှိကြောင်းကို ပြသနေပါသည်။

- အတိတ်သမိုင်းကြောင်းရှုထောင့်
၂၀၀၀ ခုနှစ်များသည် အခမဲ့ဂြိုဟ်တုပုံများဖြင့်ကြည့်ရှုနိုင်သည့် အစောဆုံးကာလမဟုတ်ပါ – သက်တမ်းအရှည်ဆုံး Landsat mission ၏ကျေးဇူးကြောင့် လွန်ခဲ့သော ၄၆ နှစ်ထိ ပြန်လည်ကြည့်ရှုနိုင်ပါသည်။
မဖွံ့ဖြိုးခင်က မြို့ကြီးများ၊ အရေမပျော်ခင်က ရေခဲမြစ်များနှင့် ယခုအချိန်တွင်မရှိတော့သော ရေကန်များအား ရှာဖွေတွေ့ရှိနိုင်ပါသည်။
အားနည်းချက်များ
- အသေးစိတ်မြင်နိုင်စွမ်းအားနည်းခြင်း
အခမဲ့ရရှိနိုင်သော ပုံရိပ်ဖော်နိုင်မှုစွမ်းအား အနိမ့် နှင့် အလယ်အလတ် (Low and Medium-Resolution) ရှိသော ဂြိုဟ်တုပုံများသည် အားသာချက်များစွာရှိသော်လည်း ဓါတ်ပုံ၏ အရည်အသွေးတွင် အားနည်းချက်များရှိသည်။ ဓါတ်ပုံများတွင် တံတားများ၊ ရေလမ်းကြောင်းများ၊ လမ်းကွန်ယက်ပုံစံများကဲ့သို့သော ယေဘူယျ အင်္ဂါရပ်များကိုသာ ဖော်ထုတ်နိုင်သည်။ Sentinel ဂြိုဟ်တုဒေတာမှ ရရှိသော အကောင်းဆုံး ပုံရိပ်ဖော်နိုင်မှုစွမ်းအားမှာ pixel တစ်ကွက်တွင် ၁၀ မှ ၂၀ မီတာအထိရှိပြီး သီးနှံစိုက်ခင်း ကြီးထွားမှု သို့မဟုတ် သစ်တောခုတ်ထွင်ရှင်းလင်းမှုများအား လေ့လာ စောင့်ကြည့်ရန်အတွက် လုံလောက်ပါသည်။ သို့သော် မိမိတို့၏အိမ်အား မြင်နိုင်ရန်အတွက် မဖြစ်နိုင်ပါ – အားကစားပွဲကြည့်စင်ကဲ့သို့ ကြီးမားသော အရာတစ်ခုပင်လျှင် အစက်ငယ်တစ်ခုအဖြစ်သာ မြင်ရမည်ဖြစ်ပါသည်။
ပုံရိပ်ဖော်နိုင်မှုစွမ်းအားနိမ့် နှင့် ပုံရိပ်ဖော်နိုင်မှုစွမ်းအားအလယ်အလတ် (Low and Medium-Resolution) ရှိသော ဓါတ်ပုံများအား အောက်တွင် ဖော်ပြထားသော links တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- Sentinel 2 satellite data download
- Latest Landsat data download (Landsat 8)
- Landsat ETM+ data free download (Landsat 7)
- Landsat TM data download (Landsat 4 and 5)
- NAIP data download
- MODIS data download
ပုံရိပ်ဖော်နိုင်မှုစွမ်းအားမြင့်သော ဂြိုဟ်တုဓါတ်ပုံများ – High Resolution Imagery
အားသာချက်များ
- အသေးစိတ်ပုံရိပ်ဖော်နိုင်စွမ်းမြင့်ခြင်း
စီးပွားဖြစ်ရိုက်ကူးသော ပုံရိပ်ဖော်နိုင်မှုစွမ်းအားမြင့် high-resolution ဂြိုဟ်တုပုံ၏ အကောင်းဆုံးသော အချက်မှာ အိမ်တစ်အိမ်ချင်း သို့မဟုတ် ကားတစ်စီးချင်းကဲ့သို့သော သေးငယ်သောအရာဝတ္ထုများအား အလွယ်တကူ ရှာဖွေနိုင်ခြင်း ဖြစ်သည်။ LandViewer တွင် ရရှိနိုင်သော datasets ၈ ခု၏ ကြည်လင်ပြတ်သားမှု စွမ်းရည်သည် 5m (SPOT 5) နှင့် 40cm (Kompsat-3A) အကြားတွင် ရှိသည်။ ထိုသို့အသေးစိတ် ပုံရိပ်ဖော်နိုင်စွမ်းရှိခြင်းသည် မြို့ပြဆိုင်ရာလေ့လာမှုများ၊ အသေးစိတ်မြေပုံရေးဆွဲခြင်း၊ ဟင်းလင်းဖွင့်သတ္ထုတွင်းများနှင့် အမှိုက်ပုံများ ကို လေ့လာစောင့်ကြည့်ခြင်း၊ 3D မြို့ပြပုံစံ ရေးဆွဲခြင်းနှင့်အခြားသောအရာများ ပြုလုပ်ရာတွင် ပိုမိုတိကျစေပါသည်။
အောက်တွင်ဖော်ပြထားသော SuperView-1 မှ 50cm resolution ဓါတ်ပုံတွင် Brasília မြို့လယ်ရှိ ဝန်ကြီးဌာန အဆောက်အအုံများကို ပြသထားပါသည်။ နာမည်ကျော် Monumental Axis လမ်းကြောင်းတစ်လျှောက် မောင်းနှင်နေသည့် ကားများအား zoom ချဲ့၍ ကြည့်ရှုနိုင်ပါသည်။

- ပုံရိပ်သစ်ရိုက်ယူရန်လုပ်ဆောင်ခြင်း
ခေတ်မီပုဂ္ဂလိကပိုင် ဂြိုဟ်တုများသည် ဖောက်သည်၏ လိုအပ်ချက်များအရ ပုံများကို ရိုက်ယူပေးနိုင်သည်။ ဆိုလိုသည်မှာ ပုံမှန်လမ်းကြောင်းများအတိုင်းပတ်နေသော အစိုးရဂြိုဟ်တုမစ်ရှင်များနှင့်မတူဘဲ လုပ်ငန်းသုံးဂြိုဟ်တုများသည် သတ်မှတ်ထားသောအချိန်တစ်ခုတွင် သတ်မှတ်ထားသောနေရာတစ်ခုအား ဓါတ်ပုံရိုက်ယူရန်ခိုင်းစေနိုင်သည်။ ၎င်းသည် ဂြိုဟ်တုလမ်းကြောင်း ပြောင်းလဲသွားခြင်းကြောင့် ပုံမရိုက်လိုက်နိုင်ခြင်း သို့မဟုတ် စောင့်ရခြင်း များမရှိပဲ ပုံရအောင်ရိုက်နိုင်စေသည်။
အဆိုပါစွမ်းဆောင်ရည်သည် သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုနှင့် လျော့ပါးရေးလုပ်ဆောင်ရာတွင် သိသာသောအပြောင်းအလဲဖြစ်သည်။ သဘာဝဘေးန္တရာယ် သို့မဟုတ် လူလုပ်ဘေးအန္တရာယ်တစ်ခုခုဖြစ်တိုင်း resolution မြင့်သောဂြိုဟ်တုများသည် မြေပြင်မှမရောက်နိုင်သည့် ထိခိုက်ပျက်စီးသောနယ်မြေများအား အပေါ်မှ အသေးစိတ်ကြည့်ရှုနိုင်သည့် ပထမဆုံးသောအရာများဖြစ်လာသည်။
အားနည်းချက်များ
- ကုန်ကျစရိတ်များမြင့်မားခြင်း
စီးပွားဖြစ်ရိုက်ကူးသည့်ဂြိုဟ်တုများတွင် အဆင့်မြင့်နည်းပညာသုံး အာရုံခံကိရိယာများပါဝင်သည့်အတွက် ရင်းနှီးမြုပ်နှံ မှုပမာဏကြီးမားသည်။ ထို့ကြောင့် ပုံရိပ်ဖော်နိုင်စွမ်းမြင့် (high resolution) ဂြိုဟ်တုဓါတ်ပုံများသည် ဈေးကြီးရခြင်းဖြစ်သည်။ LandViewer ကဲ့သို့သော ပြန်လည်ရောင်းချပေးသော ပလက်ဖောင်းများတွင် သုံးစွဲသူများပိုမိုတတ်နိုင်စေရန်အတွက် ၎င်းတို့ရွေးချယ်လိုသောဧရိယာ တစ်စိတ်တစ်ပိုင်းကို ရွေးချယ်ဝယ်ယူနိုင်သည်။ ဓါတ်ပုံတစ်ခုလုံးအတွက် ပေးရမည့်ဈေးနှုန်းဖြင့်စဉ်းစားပါက အလွန်အဖိုးတန်သော ရွေးချယ်ခွင့်တစ်ခုဖြစ်သည်။
- လွှမ်းခြုံဧရိယာသေးငယ်ခြင်း
ယေဘုယျအားဖြင့် ပုံရိပ်ဖော်အရည်အသွေး (resolution) ပိုကောင်းလေလေ၊ ဓါတ်ပုံတစ်ပုံတွင် မြင်နိုင်သော မြေပြင်ဧရိယာပမာဏသေးလေလေဖြစ်သည်။ ထို့ကြောင့် ပုံရိပ်ဖော်နိုင်စွမ်းမြင့်သော ဒေတာများသည် အသေးစား လေ့လာစောင့်ကြည့်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့အတွက် ပိုမိုသင့်လျော်ပါသည်။ လန်ဒန်မြို့တစ်ခုလုံး ခြုံငုံမိစေရန် Pleiades-1၊ Kompsat-3 သို့မဟုတ် SuperView-1 ဂြိုဟ်တုများသည် အနည်းဆုံးဓါတ်ပုံ ၄ ပုံ ရိုက်ယူရမည် ဖြစ်သည်။ Landsat 8 image တစ်ပုံတည်းကပင် လန်ဒန်မြို့ကြီး ၂၅ မြို့နှင့်ညီသောနယ်မြေကို ရိုက်ယူနိုင်သည်။
- ပုံရရှိနိုင်မှုနည်းပါးခြင်း
မည်သည့်ဂြိုဟ်တုပုံတွင်မဆို တိမ်ပါဝင်မှုများခြင်းကြောင့် အသုံးပြုလို့မရတော့သည့် အခြေအနေမျိုးအမြဲရှိပါသည်။ သို့သော် ပုံရိပ်ဖော်နိုင်စွမ်းအလယ်အလတ်ရှိသော (medium-resolution) ဂြိုဟ်တုများသည် ပုံသေလမ်းကြောင်းများအတိုင်း လည်ပတ်နေပြီး နေရာတစ်ခုကိုအချိန်မှန် ပြန်လည်ရောက်လေ့ရှိသည့်အတွက် ဓါတ်ပုံကောင်းတစ်ပုံရရှိရန် အခွင့်အရေးပိုရှိပါသည်။ တစ်ခါတစ်ရံတွင်စီးပွားဖြစ်ဂြိုဟ်တုများကို ဂြိုဟ်တုလမ်းကြောင်းအောက်ရှိနေရာများအစား လမ်းကြောင်းအပြင်ဖက် နေရာများအား ရိုက်ကူးရန်အတွက် ညွှန်ကြားနိုင်သည် – ဆိုလိုသည်မှာ လုံးဝရိုက်ယူရန် မဖြစ်နိုင်သည် ပုံတစ်ပုံကို စောင့်ဆိုင်းနေရသည်မျိုးဖြစ်နေနိုင်သည်။
ပုံမှန်ရိုက်ကူးမှုမရှိခြင်းနှင့် လွှင့်တင်သည်သ့က်တမ်းမကြာသေးခြင်း(အများစုမှာ ၂၀၁၀ ခုနှစ်မှစတင်သည်) တို့ကြောင့် ပုံရိပ်ဖော်နိုင်စွမ်းမြင့် (high-resolution) ပုံများသည် open source ဓါတ်ပုံများနှင့် နှိုင်းယှဉ်ပါက အချိန်နှင့်အလိုက် ပြောင်းလဲမှုကို လေ့ရာတွင် အသုံးပြုရန် သင့်လျော်မှု နည်းပါးပါသည်။
Google Maps ရှိ ဂြိုဟ်တုဒေတာများ
အားသာချက်များ
- အခမဲ့ရရှိနိုင်ခြင်း
Google Maps သည် အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ခုလုံးခြုံသည့် ဂြိုဟ်တုမြေပုံတစ်ခုကို ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် လိုင်းဆွဲအားငြိမ်သော အင်တာနက်ချိတ်ဆက်မှုသာ လိုအပ်သည်။
- အသေးစိတ်ပုံရိပ်ဖော်နိုင်စွမ်းရှိခြင်း
အိမ်၊ ကျောင်း၊ ပန်းခြံ သို့မဟုတ် ကမ္ဘာပေါ်ရှိ သေးငယ်သော မည်သည့်အရာဝတ္ထုမဆို ဂြိုဟ်တုမြင်ကွင်းတွင် ကြည့်ရှုလိုပါက Google Maps သည် နေရာမှန်တစ်ခုဖြစ်သည်။ ၎င်းသည် ပုံရိပ်ဖော်နိုင်စွမ်းမြင့် (high-resolution) datasets (ကောင်းကင်ဓါတ်ပုံများ၊ လုပ်ငန်းသုံး ပုံရိပ်ဖော်နိုင်စွမ်းမြင့်ဒေတာများ၊ open source မှရရှိသော ဓါတ်ပုံများ စသည်ဖြင့်) တို့ပါဝင်သော ကမ္ဘာတစ်ခုလုံးလွှမ်းခြုံသည့် အလွန်အသေးစိတ်သော ဂြိုဟ်တုမြေပုံဖြစ်သည်။ အဆောက်အအုံများ၊ မော်တော်ယာဉ်များနှင့် သစ်ပင်များအား အနီးကပ် zoom ချဲ့ကြည့်ပြီး ခွဲခြားနိုင်ပါသည်။

Google Maps တွင် မြင်ရသည့် အပိုင်း အတွက် အသုံးပြုထားသောဒေတာများကို စာမျက်နှာ၏ အောက်ခြေတွင် အမြဲဖော်ပြထားပါသည်။ ဥပမာ ဂီဇာ၏ မဟာပိရမစ်ကြီးအား update လုပ်ထားသော၂၀၁၉ မြင်ကွင်းသည် DigitalGlobe ရုပ်ပုံ၊ Map data နှင့် ORION-ME ဒေတာတို့ကို အသုံးပြု၍ ဖန်တီးထားခြင်းဖြစ်သည်။
အားနည်းချက်များ
- ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းများအတွက် မသင့်လျော်ခြင်း
Google Maps တွင် မိမိကြည့်ရှုနေသည့်အချက်အလက်၏ ရက် သို့မဟုတ် လ ကို မသိရှိနိုင်ပါ။ ရရှိနိုင်သည့် တစ်ခုတည်းသောအချက်အလက်မှာ ထိုအပိုင်းအား Google Maps တွင် update ပြုလုပ်သည့် ခုနှစ်ပင်ဖြစ်သည်။ အရာဝတ္ထုတစ်ခု သို့မဟုတ် ဖြစ်ရပ်တစ်ခု၏ အပြောင်းအလဲများ၊ တိုးတက်လာမှုများ သို့မဟုတ် လက်ရှိ အခြေအနေအား ကြည့်ရန်သို့မဟုတ်ခွဲ အားထားလောက်သည့်ခြမ်းလေ့လာစိတ်ဖြာမှုများ လုပ်ဆောင်ရန် အတွက် Google Maps သည် မလုံလောက်ပါ။ လယ်သမားတစ်ဦးသည် သူ၏စိုက်ခင်းများ ရေလွှမ်းမိုးမှုအန္တရာယ်မှ လွတ်မြောက်ခြင်းရှိမရှိ ကြည့်ရှုချင်သည်ဆိုပါစို့ – Google Maps သည် လအနည်းငယ်ကြာ သည့် တိုင်အောင် update မလုပ်သောကြောင့် အဆိုပါ အချက်အလက်များအား ပေးနိုင်မည်မဟုတ်ပါ။
Google Maps အား အဝေးမှအာရုံခံခြင်းနည်းပညာဖြင့် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းများအတွက် အသုံးမပြုနိုင်ပါ။ ၎င်းသည် ဂြိုဟ်တုမြေပုံမှ ဖြတ်တောက်ထားသော ဓါတ်ပုံမျှသာဖြစ်ပြီး ရောင်စဉ်လှိုင်းအစုံမပါဝင်ပါ။
နိဂုံးချုပ်ရမည်ဆိုပါက မိမိသည် မည်သို့သောဂြိုဟ်တုဒေတာမျိုးကို လိုအပ်သလဲဟူသော မေးခွန်းကို အရင်ဆုံး ဖြေရမည်ဖြစ်သည်။ ကျွန်ုပ်တို့ Eiffel Tower သို့မဟုတ် အိမ်နီးနားချင်း၏ အိမ်နောက်ဖက်ခြံကို အာကာသမှ ကြည့်ရှုလိုပါက Google Maps အား ရွေးချယ်ပြီး အသေးစိတ်လေ့လာကြည့်နိုင်ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် အရာဝတ္ထုများအား လေ့လာစောင့်ကြည့်၊ မြေပုံဆွဲရန်နှင့် အချိန်နှင့်အမျှပြောင်းလဲမှုများအား လေ့လာချင်ပါက LandViewer သို့သွား၍ ဂြိုဟ်တုဓါတ်ပုံတစ်ပုံ ရယူရမည် ဖြစ်ပါသည်။ ကြီးမားသောဧရိယာ (နိုင်ငံ သို့မဟုတ် မြို့ပြဧရိယာ)တစ်ခုရှိ နယ်မြေများအား အခမဲ့ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပုံရိပ်ဖော်နိုင်စွမ်းနိမ့် သို့မဟုတ် ပုံရိပ်ဖော်နိုင်စွမ်းအလယ်အလတ် (low- or medium-resolution)ရှိသော ဓါတ်ပုံတစ်ပုံသည် လုံလောက်ပါသည်။ အကယ်၍ အိမ်တစ်အိမ် သို့မဟုတ် ကားတစ်စီးအား အနီးကပ် zoomချဲ့ ကြည့်ရှုလိုပါက ပုံရိပ်ဖော်နိုင်စွမ်းမြင့် (high-resolution) ဓါတ်ပုံတစ်ပုံအား အခကြေးငွေအနည်းငယ်ပေး၍ အသုံးပြုနိုင်ပါသည်။
မူရင်းရေးသားသူ – Natalia Borotkanych
