
မူရင်း – https://eos.com/make-an-analysis/land-water/
မြေနှင့်ရေ
ရောင်စဉ်ပေါင်းစပ်ခြင်း – NIR(4), SWIR1 (5), Red(3)
Landsat 8 ဂြိုလ်တုပုံရိပ်များမှ NIR (Band 4), SWIR (Band 5) နှင့် Red (Band 3) အစဉ်လိုက် ပေါင်းစပ်ထားသော band combination (ရောင်စဉ်ပေါင်းစပ်ခြင်း) သည် ရေထုအတွင်းမှ မြေထုကို ဖေါ်ထုတ်ရာတွင်အသုံးပြုသည်။ ဤ band combination တွင် ရေခဲပြင်များကို တောက်ပသော ပန်းခရမ်းရောင်၊ ရေထုကို အပြာရောင်အနုအရင့် အမျိုးမျိုး နှင့် မြေထုကို အစိမ်းမှလိမ္မော်ရောင်အနုအရင့် စသည်ဖြင့်မြင်ရသည်။
NIR band ကို red channel, SWIR1 band ကို green channel နှင့် Red band ကို blue channel အသီးသီးတွင်ထား၍ ပေါင်းစပ်ကြသည်။ သာမာန်မျက်စိဖြင့်မြင်တွေ့ရသော ရောင်စဉ်များ၏အောက်တွင် ကြည်လင်သောရေသည် နုံးပါသည့်ရေများထက်ပိုမို အလင်းပြန်လေ့ရှိသည်။ NIR နှင့် Mid-IR ရပ်ဝန်းတွင်မူ ရေ၏အလင်းရောင်သည် စုပ်ယူခံရခြင်းအားဖြင့် မဲမှောင်သောအရောင်ကိုသာပြလေ့ရှိသည်။ ရေ၏အလင်းပြန်မှုသည်ရေထု၏အနက်နှင့်အလင်းပြန်သည့်လှိုင်းအလျားပေါ်တွင်မူတည်သည်။ ကြည်လင်သောရေ၏အရောင်သည် visible band များတွင် အပြာရောင်ဖြစ်ပေါ်၍ ရေတွင်ပျော်ဝင်နေသော inorganic material များလာလေလေ အညိုရောင်အဖြစ်သို့ ပြောင်းလဲသွားလေ့ရှိသည်။
ဤ band combination တွင်ရေထုကို အပြာအနုအရင့်ရောင်များနှင့်မြင်တွေ့ နိုင်ပြီး မြေပြင်ကို အစိမ်းမှလိမ္မော်ရောင်ပြေးများအဖြစ်တွေ့မြင်နိုင်သောကြောင့် ရေထုနဲ့ခြောက်သွေ့သောကုန်းမြေကိုခွဲခြားရာတွင် အသုံးပြလေ့ရှိသည်။ မြို့ပြလူနေဒေသများကို အဖြူ၊ ပန်းခရမ်းရောင်နှင့် မရမ်းစေ့ရောင်မြင်ရပြီး၊ မြေဆီလွှာ၊ သဲပြင်နှင့်တွင်းထွက်ပစ္စည်များကို အရောင်အမျိုးမျိုးဖြင့်မြင်တွေ့နိုင်သည်။ ရေ၏အလင်းပြန်မှုကို NIR နှင့် SWIR Band တွင်လုံးဝနီးပါးစုပ်ယူထားခြင်းမှ ရေရှိသောနေရာကို ထင်ရှားစွာဖေါ်ထုတ်နိုင်ပြီး ကမ်းရိုးတန်းများကိုလည်း အတိအကျဖေါ်ထုတ်နိုင်သည်။ ရေခဲပြင်နှင့်ဆီးနှင်းများကိုတောက်ပသော ပန်းခရမ်းရောင်အဖြစ် မြင်တွေ့နိုင်ပြီးရေထုကို အပြာရင့်ရောင်မြင်တွေ့နိုင်ပါသည်။ အပူရှိန်များသော၊ တောမီးလောင်ကျွမ်းထားသော မြေမျက်နှာပြင် သို့မဟုတ် မီးတောင်ပေါက်ဝများ၏ အလင်းရောင်သည် အလယ်လှိုင်းအနီအောက်ရောင်စဉ် (Mid-IR) ရပ်ဝန်းတွင် စုပ်ယူခြင်းခံရသဖြင့် ထိုမျက်နှာပြင်များကို အညိုနှင့်အဝါရောင်ပြေးများအဖြစ်မြင်တွေ့ရသည်။ ဤ band combination သည် ရေလွှမ်းဧရိယာများဖေါ်ထုတ်ရာတွင် အထူးအသုံးဝင်သည်။ အပင်နှင့်သီးနှံများစတင်ပေါက်ရောက်ကို ဖေါ်ထုတ်ရန်အတွက်လည်း ဤ band combination ကို အသုံးပြုသည်။ သဘာဝပေါင်းစပ်ရောင်ပုံရိပ်များတွင် ရေလွှမ်းဧရိယာသည် အညိုရောင်အဖြစ်မြင်ရခြင်းဖြင့် အခြားအရာဝတ္တုများနှင့်ခွဲခြားသတ်မှတ်ရန်ခက်ခဲလှသည်။ ဤ band combination တွင်မူ ရေပြင်သည် အပြာရင့်ရောင်ကို ဆောင်နေခြင်းအားဖြင့် ရေလွှမ်းဧရိယာကိုအလွယ်တကူဖေါ်ထုတ်နိုင်သည်။
NIR, SWIR1, Red ရောင်စဉ်ပေါင်းစပ်မှုအား အကဲဖြတ်ခြင်း
band တခုစီသည် ပုံရိပ်ဖေါ်ဆောင်ရန်အတွက် အရေးပါသည်။
NIR – ရေ၏အလင်းရောင်အားလုံးကို NIR band တွင်စုပ်ယူလိုက်ခြင်းအားဖြင့် ပုံရိပ်များပေါ်တွင် ရေ၏အရောင်မှာ အလွန်မှောင်သောအရောင်ကိုဖြစ်ပေါ်စေသည်။ ဤ band တွင် မြေပြင်နှင့်သစ်တောသစ်ပင်များ၏အရောင်မှာ အလွန်တောက်ပနေခြင်းဖြင့် ရေပြင်နှင့် သိသာထင်ရှားစွာ ကွဲလွဲနေခြင်းမှ ရေနှင့်မြေ၏ ဆက်စပ်နေခြင်းကို ဖေါ်ထုတ်ရန်လွယ်ကူသည်။
SWIR1 – SWIR1 band သည် ရေနှင့်ရေငွေ့ပါဝင်နှုန်းကို သိသာစွာအာရုံခံနိုင်ခြင်းဖြင့် မြေဆီလွှာနှင့် အပင်များ ရေပါဝင်နှုန်းကိုကောင်းစွာ စောင့်ကြည့်ထိန်းချုပ်နိုင်သည်။
Red – Red band သည် သစ်ပင်နှင့်သဘာဝပေါက်ပင်များ၏အလင်းများအားလုံးနီးပါးကိုစုပ်ယူနိုင်သော ဂုဏ်သတ္တိရှိသည်။ ထို့ကြောင့် အပင်နှင့်မြေဆီလွှာခွဲခြားရာဝင်အသုံးဝင်သည်။ အပင်များ၏ကျန်းမာသန်စွမ်းမှုကို တိုင်းတာရာတွင်လည်းအသုံးဝင်သည်။




