
Landsat ဂြိုဟ်တုများတွင် ပါ၀င်သော အပူအနီအောက်ရောင်ခြည် အာရုံခံကိရိယာ (TIRS) က ဘာတွေ လုပ်ဆောင်ပါသနည်း။
Landsatဂြိုဟ်တုများတွင် ပါ၀င်သော အပူအနီအောက်ရောင်ခြည် အာရုံခံကိရိယာ (TIRS) သည် ကမ္ဘာ့ မျက်နှာပြင် အပူချိန်ကို တိုင်းတာပေးသည်။ ၎င်းသည် လူ့မျက်လုံးဖြင့် မမြင်နိုင်သော အပူအနီအောက် ရောင်စဥ်ကို ဗဟိုပြု၍ အပူချိန်ကို တိကျစွာ တိုင်းတာပေးခြင်းဖြစ်သည်။ ယနေ့ TIRS အကြောင်းကို လေ့လာကြည့်ကြရအောင်။
TIRS သည် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။
ကမ္ဘာပေါ်ရှိ မြေ၊ ရေ၊ သစ်ပင်များကဲ့သို့ အရာအားလုံးသည် အပူကို ထုတ်လွှတ်ပေးနေပါသည်။ TIRS သည် ထိုအပူကို ဖမ်းယူပြီး Band 10 နှင့် Band 11 အဖြစ် ပုံရိပ်များ (imagery) ထုတ်ပေးပါသည်။

TIRS သည် Quantum Well Infrared Photodetectors (QWIPs) ဟုခေါ်သော အထူးအာရုံခံကိရိယာကို အသုံးပြုသည်။ အခြားအာရုံခံကိရိယာများ နှင့်မတူပဲ QWIPs သည် အပူအနီအောက်ရောင်ခြည်လှိုင်း များကို ဖမ်းယူနိုင်သည်။
အရာဝတ္ထုတစ်ခုသည် အပူပိုများလေ၊ အပူအနီအောက်ရောင်ခြည် ပိုမိုထုတ်လွှတ်လေ ဖြစ်သည်။ TIRS သည် ကမ္ဘာမျက်နှာပြင်မှ ထုတ်လွှတ်သော အပူစွမ်းအင်ကို ဖမ်းယူပြီး ဒစ်ဂျစ်တယ်ပုံရိပ်များ ဖန်တီးပေးပါသည်။
Landsat ဂြိုဟ်တုတွင် Thermal Infrared Sensor (TIRS) သည် ဘယ် Band ကို အသုံးပြုသလဲ။
Landsat ဂြိုဟ်တု ၁ မှ ၃ အထိ တွင် အပူစွမ်းအင်ရောင်စဉ် (Thermal Band) မပါဝင်ခဲ့ပါ။ ၁၉၈၂ ခုနှစ် Landsat ပရိုဂရမ်တွင် အပူစွမ်းအင်ရောင်စဉ် (Thermal Band) ပါဝင်သည့် ပထမဆုံး ဂြိုဟ်တု ကို လွှတ်တင်ခဲ့သည်။သို့သော် အဆိုပါ ဂြိုဟ်တုပုံရိပ် Resolution သည် Pixel တစ်ခုလျှင် ၁၂၀ မီတာအထိ ဖြစ်သည်။
အောက်တွင် Thermal Sensor ပါဝင်သော Landsat ဂြိုဟ်တုများ၏ ဇယားကို လေ့လာကြည့်ရှုနိုင်ပါသည်။
| မစ်ရှင် | အပူစွမ်းအင်ရောင်စဉ် (များ) | လှိုင်းအလျား (μm) |
|---|---|---|
| Landsat-4 | Band 6 | 10.40-12.50 |
| Landsat-5 | Band 6 | 10.40-12.50 |
| Landsat-7 | Band 6 | 10.40-12.50 |
| Landsat-8 | Band 10, Band 11 | 10.60-11.19 (Band 10), 11.50-12.51 (Band 11) |
| Landsat-9 | Band 10, Band 11 | 10.60-11.19 (Band 10), 11.50-12.51 (Band 11) |
Landsat ဂြိုဟ်တု တွင် ကမ္ဘာ့မျက်နှာပြင်အပူချိန်ကို ပိုမိုတိကျမှန်ကန်စွာ တိုင်းတာနိုင်စေရန်အတွက် TIRS-1 နှင့် TIRS-2 ကို ထပ်မံထည့်သွင်းခဲ့သည်။
Thermal Infrared Sensor (TIRS) ၏ အသုံးပြုမှုများနှင့် အသုံးချနိုင်သည့် နယ်ပယ်များ
Thermal Infrared Sensor (TIRS) သည် ကမ္ဘာ့မျက်နှာပြင်အပူချိန်ကို တိကျစွာ တိုင်းတာနိုင်သည့်အတွက် နယ်ပယ်အသီးသီး၌ တွင်တွင်ကျယ်ကျယ် အသုံးပြုသည်။ ၄င်းတို့မှာ–

၁။ အေးခဲမြေ (Permafrost) စောင့်ကြည့်လေ့လာခြင်း
အေးခဲမြေ (Permafrost) ဧရိယာများ၏ အပူထုတ်လွှတ်မှုအခြေအနေကို TIRS မှ စောင့်ကြည့်ခြင်းဖြင့် Methane ဓာတ်ငွေ့ ထုတ်လွှတ်နိုင်ခြေကို ခန့်မှန်းနိုင်သည်။
၂။ မီးတောင်ပေါက်ကွဲမှု စောင့်ကြည့်လေ့လာခြင်း
သိပ္ပံပညာရှင်များအနေဖြင့် မီးတောင်များ၏ အပူစွမ်းအားပြောင်းလဲမှုများကို TIRS မှတဆင့် စောင့်ကြည့် လေ့လာနိုင်ပြီး မီးတောင်ပေါက်ကွဲမှုများကို ကြိုတင်ခန့်မှန်းနိုင်စေသည်။
၃။ စိုက်ပျိုးရေး
စိုက်ပျိုးရေးသမားများသည် TIRSမှ ဒေတာများကို အသုံးပြုပြီး ရေပေးရေးစီမံခန့်ခွဲမှု၊ စိုထိုင်းဆ-အပူချိန်-အလင်းရောင်-ရေ ပြောင်းလဲမှုကြောင့် သီးနှံပင်များတွင်သက်ရောက်မှု တို့ကို စောင့် ကြည့်ပြီး သီးံပင်များကိုကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများတွင် အသုံးပြု နိုင်သည်။
၄။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဥ်
TIRS သည် ကမ္ဘာ့မျက်နှာပြင်အပူချိန်ပြောင်းလဲမှုများကို စောင့်ကြည့်နိုင်ပြီး ကမ္ဘာ့အပူချိန်မြင့်တက်မှု (Global Warming) ကို ပိုမိုနားလည်စေရန် အထောက်အကူဖြစ်စေသည်။
၅။ ရေအရင်းအမြစ်များ
TIRS သည် ရေသုံးစွဲမှုကို စီမံခန့်ခွဲခြင်း၊ ရေအရင်းအမြစ်များအလွန်အကျွံအသုံးပြုမှုများကို ရှာဖွေခြင်းနှင့် ရေရှားပါးသော ဒေသများတွင် ရေထိန်းသိမ်းရေးအစီအစဉ်များ အတွက် အရေးပါသည်။
ကမ္ဘာ့မျက်နှာပြင်အပူချိန် ကိုနားလည်စေခြင်းဖြင့် ဘေးအန္တရာယ်များစောင့်ကြည့်ခြင်း နှင့် ရေအရင်းအမြစ်များစီမံခန့်ခွဲခြင်းများအတွက် မဟာဗျူဟာများကို TIRS ကပံ့ပိုးပေးပါသည်။
Sentinel-2 တွင် Thermal Infrared Sensor ပါသလား။
Sentinel-2 တွင် TIRS မပါ၀င်ပါ။ ၄င်းအစား Multispectral Instruments များ ပါ၀င်ပြီး visible, near-infrared, and shortwave infrared light များပါ၀င်သော ပုံရိပ်များကို ဖမ်းယူနိူင်သည်။
အပူအနီအောက်ရောင်ခြည်ပုံရိပ်ဖမ်းယူမှုအတွက် Landsat 8 ကဲ့သို့ ဂြိုဟ်တုများ သည် TIRS ကို အသုံးပြုသည်။ ထို့အပြင် Terra ဂြိုဟ်တုတွင် ၉၀ မီတာ Resolution ရှိ Advanced Spaceborne Thermal Emission and Reflection Radiometer (ASTER) ကိုတပ်ဆင်ထားသည်။
Landsatဂြိုဟ်တုများတွင် ပါ၀င်သော အပူအနီအောက်ရောင်ခြည် အာရုံခံကိရိယာ (TIRS) သည် ကမ္ဘာ့အပူချိန်ထုတ်လွှတ်မှုကို အာကာသမှတဆင့် ကြည့်ရှုနိုင်ရန် ကူညီပေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကမ္ဘာ့ရာသီဥတုပုံစံကို ပိုမိုနားလည်နိုင်ကာ လယ်သမားများကို ကူညီပေးနိုင်ပြီး ရေအရင်းအမြစ် ကိုလည်း ထိန်းသိမ်းကာကွယ်နိုင်သည်။
မူရင်းဆောင်းပါး https://gisgeography.com/thermal-infrared-sensor-tirs/ မှ တိုက်ရိုက် ဘာသာပြန်သည်။
