Terrain Analysis – QGIS

View Categories

1. နိဒါန်း

မြေပြင်အနိမ့်အမြင့်ကို ဖော်ပြသည့် DEM များသည် GIS အသုံးပြုသူတိုင်းထိတွေ့လေ့ရှိသည့် raster ဒေတာတစ်မျိုးဖြစ်သည်။ ဤလက်စွဲတွင် DEM အကြောင်းရှင်းလင်းချက် အတိုချုပ်၊ အသုံးဝင်ပုံ၊ မြေပုံပေါ်တွင် တင်ပြပုံနှင့် DEM အသုံးပြုတွက်ချက်ခြင်း အခြေခံများကို ရှင်းလင်းဖော်ပြထားပါသည်။

လိုအပ်မည့်ကျွမ်းကျင်မှု အဆင့် – ဤလက်စွဲ တွင်ဖော်ပြထားသည့် အကြောင်းအရာများကို လုပ်ဆောင်နိုင်ဖို့ရာ အခြေခံ QGIS အဆင့်တတ်မြောက်ပြီးဖြစ်ရမည်ဖြစ်သည်။

သင်ယူရရှိမည့် ကျွမ်းကျင်မှုများ – DEM symbology လုပ်နည်းများ၊ DEM မှ တောင်ရိပ်များ၊ လျောစောက်များ၊ လျှောစောက်အလှည့်အရပ်မျက်နှာများ တွက်ချက်သည့် tool များနှင့် ရရှိလာသော အချက်အလက်များကို ဇုန်များအလိုက် အနှစ်ချုပ် စာရင်းအင်းအချက်အလက်များ ထုတ်ယူနည်းများ ပါဝင်သည်။

2. DEM – Digital Elevation Model ဆိုတာဘာလဲ

DEM Digital Elevation Model ဆိုသည်မှာ မြေပြင်အနိမ့်အမြင့်ကို ဖော်ပြသည့် raster data တစ်မျိုးဖြစ်သည်။pixelများကို rows နှင့် column များဖြင့်ဖွဲ့စည်းထားသည် တွေ့နေကြ ဓါတ်ပုံများ ကဲ့သို့ပင်အခြေခံအားဖြင့်ဖွဲ့စည်းပုံမှာ အတူတူပင်ဖြစ်သည့် raster data တစ်မျိုးဖြစ်သည်။ raster cell တစ်ခုစီ၏တန်ဖိုးသည် ၎င်း cell က ကိုယ်စားပြုသည့်မြေပြင်၏ပျှမ်းမျှအမြင့်ကို ဖော်ပြပေးခြင်းဖြင့် အပြင်လောကရှိမြေမျက်နှာပြင်အနေထားကို digital နည်းဖြင့် ဖော်ပြပေးသည့် data ဖြစ်သည်။ အခြား raster data များကဲ့သို့ပင် dem raster တွင်လည်း resolution ဆိုသည့် pixel တစ်ခုက ကိုယ်စားပြုသည့် မြေပြင်ကိုယ်စားပြုအရွယ်အစားသတ်မှတ်ချက် ရှိသည်။

DEM များကို နည်းလမ်းအမျိုးမျိုးဖြင့် ဖန်တီးတည်ဆောက်နိုင်သည်။ 

  1. ကွန်တိုမြေပုံများမှကွန်တိုလိုင်းများကို digitize လုပ်ပြီးတည်ဆောက်ခြင်း။ 
  2. ဒရုန်းဓါတ်ပုံ၊ ကောင်းကင်ဓါတ်ပုံ၊ ဂြိုလ်တုဓါတ်ပုံများ မှ stereo photogrammetry နည်းလမ်းဖြင့် မြေပြင်နိမ့်မြင့်မှတ်များကောက်ယူပြီး တည်ဆောက်ခြင်း။ 
  3. ဒရုန်းသို့မဟုတ်လေယာဉ်တင် လေဆာကရိယာဖြင့် မြေပြင် နိမ့်မြင့်မှတ်များကောက်ယူပြီး တည်ဆောက်ခြင်း။ 
  4. လေယာဉ် သို့မဟုတ် ဂြိုလ်တုမှ ရေဒါကရိယာ (interferometry) ဖြင့် မြေပြင်အနိမ့်အမြင့် တိုင်းတာချက်များ ကောက်ယူပြီးတည်ဆောက်ခြင်း တို့ဖြစ်သည်။ 
  5. ထို့အပြင် မြေတိုင်းကရိယာများ (RTKGPS, Total station, Level instruments, etc) ဖြင့်လည်း မြေပြင်နိမ့်မြင့် မှတ်များ တိုင်းတာကောက်ယူပြီး တည်ဆောက်နိုင်သည် သို့သော် ကျယ်ဝန်းသော နေရာဒေသများအတွက် ကုန်ကျစရိတ်များပြားသည့်အတွက် တွက်ချေမကိုက်ပေ။

2.1 Application of DEM – DEM အသုံးချမှုများ

DEM များသည်မြေမျက်နှာပြင်ကိုကိုယ်စားပြုသည့်အချက်အလက်ဖြစ်သည့်အတွက် အခြားမြေပြင်ဆိုင်ရာ အချက်အလက်များကိုတွက်ချက်ထုတ်ယူရာတွင် လိုအပ်သည့် အခြေခံဖြစ်ပြီး၊ မရှိမဖြစ် အရေးပါသည့် data တစ်ခုဖြစ်သည်။ 

  • ဘူမိရုပ်သွင်ဆိုင်ရာ အချက်အလက်များ
  • ဇလဗေဒ ဆိုင်ရာ ရေစီးလမ်းကြောင်းပုံထုတ်ခြင်း နှင့် ရေစီးထုထည်တွက်ချက်ခြင်း 
  • မြစ်ချောင်း ဗက်တာ ဒေတာများ ထုတ်လုပ်ခြင်း
  • ရုပ်လုံးကြွမြေပုံဖန်တီးခြင်း (relief map)
  • သုံးဖက်မြင် မြေပြင်ရုပ်လုံးကြွဖန်တီးခြင်း (3D)
  • မြေဆီလွှာစိုစွတ်မှုအညွန်းကိန်းထုတ်ယူခြင်း
  • လေယာဉ်ပျံသန်းမှုပုံစံတုပြုလုပ်ခြင်း
  • ကောင်းကင်ဓါတ်ပုံ ဂြိုလ်တုဓါတ်ပုံများကို ပြင်ဆင်ခြင်း (rectification)
  • သင့်တော်မှုရှိမရှိလေ့လာရာတွင်လိုအပ်သော မြေပြင်အသွင်အပြင်အချက်အလက်များထုတ်ပေးခြင်း (slope, aspect etc)
  • မြေပုံများအတွက် ကွန်တိုနှင့် တောင်ရိပ်(hill shade) များဖန်တီးခြင်း
  • တယ်လီဖုန်းဆက်သွယ်ရေးလှိုင်းများ ရောက်ရှိနိုင်မှုတွက်ချက်ခြင်း
  • မြင်ကွင်းအနေအထားတွက်ချက်ခြင်း view shed analysis
  • မြေထုထည်တွက်ချက်ခြင်း
  • ဆည်ရေသိုလှောင်နိုင်မှု ပမာဏ တွက်ချက်ခြင်း
  • မြစ်ချောင်းရေလွှမ်းမိုးမှုခံရမည့်နေရာများတွက်ချက်ခြင်း
  • ပင်လယ်ရေမြင့်တက်ပါက ရေလွှမ်းမိုးခံရမည့်နေရာများတွက်ချက်ခြင်း
  • မြေပြိုမှုအလားအလာများတွက်ချက်ခြင်း
  • ဂြိုလ်တုပုံရိပ်များ၊ရေဒါပုံရိပ်များ နေရာကျမှန်ကန်စေရန် ortho/geometric correction ပြုလုပ်ရာတွင် အသုံးပြုခြင်း
  • မြေမျက်နှာပြင်ပြောင်းလဲသွားမှု ကို လေ့လာခြင်း
  • ….. စသည့်အပြင် အခြားအသုံးများစွာရှိနိုင်သေးသည်

2.2 DEM Sources

ယခုအချိန်အခါတွင် အထွေထွေသုံး DEM များကို အခမဲ့ အလွယ်တကူရယူနိုင်ပါသည်။ အသုံးများ DEM များမှာ..

SRTM 90m – နာဆာမှ ၂၀၀၀ ခုနှစ်တွင် အာကာသလွန်းပျံယာဉ်မှ ရေဒါကရိယာဖြင့် ၁၁ ရက်ကြာ ကမ္ဘာ့ကုန်းမြေထု အားလုံးနီးပါးလွှမ်းခြုံတိုင်းတာပြီးထုတ်လုပ်မျှဝေခဲ့သည့် အဦးဆုံး DEM ဖြစ်သည်။ resolution မှာ ၉၀ မီတာဖြစ်သည်။

SRTM 30m – နာဆာမှ ၂၀၀၀ ခုနှစ်တွင် အာကာသလွန်းပျံယာဉ်မှ ရေဒါကရိယာဖြင့် ၁၁ ရက်ကြာ ကမ္ဘာ့ကုန်းမြေထု အားလုံးနီးပါးလွှမ်းခြုံတိုင်းတာပြီး နှစ်အနည်းငယ်အကြာတွင် မျှဝေခဲ့သည့် DEM ဖြစ်သည်။ resolution မှာ ၃၀ မီတာဖြစ်သည်။

ASTER GDEM 30m (Aster Global DEM) – Terra satellite မှ ASTER sensor ဖြင့်ရိုက်ကူးထားသည့် ပုံများမှတဆင့် ၂၀၀၉ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် DEM ဖြစ်သည်။ resolution မှာ ၃၀ မီတာဖြစ်သည်။

ALOS 30m DEM – ဂျပန်အာကာသအေဂျင်စီ (JAXA) ၏ ALOS ဂြိုလ်တု မှ PRISM sensor ဖြင့် ၂၀၀၆ – ၂၀၁၁ အတွင်း ရိုက်ကူးထားသည့် ပုံများမှ တဆင့် ထုတ်လုပ်ခဲ့သည့် DEM ဖြစ်သည်။ resolution မှာ ၃၀ မီတာဖြစ်သည်။

Copernicus DEM – ဂျာမန် TanDEM-X radar satellite များဖြင့် 2015 ခုနှစ်တွင်ရိုက်ကူး ရရှိသော ဒေတာများမှပြန်လည်ထုတ်လုပ်ထားသည့် DEM   ဖြစ်သည်။ resolution မှာ ၃၀ မီတာ ၉၀ မီတာ ဟု နှစ်မျိုးရှိသည်။

2.3 DEM information

မည်သည့် raster မဆို အခြေခံအချက်အလက်များကို layer properties>information tab တွင်ကြည့်နိုင်သည်။ အကြည့်များသည့်အချက်များမှာ –

  1. Extent – အကျယ်အဝန်း
  2. min, mean, max,… အနိမ့်ဆုံး နှင့် အမြင့်ဆုံး နှင့် ပျှမ်းမျှ cell တန်ဖိုးများ
  3. Resolution (pixel size) – pixel တစ်ခု၏မြေပြင်ကိုယ်စားပြုအတိုင်းအတာ
  4. Coordinate Reference System အမျိုးအစား

3. DEM visualization – ပုံဖော် ကြည့်ရှုခြင်း

DEM ကိုစပြီး ဖွင့်ကြည့်ချိန်တွင် များသောအားဖြင့် အဖြူအမည်း ပုံမျိုးသာမြင်တွေ့ရလေ့ရှိသည်။ ကြည့်နေကျမဟုတ်သူများအတွက် မည်သည့်နေရာသည်တောင်ကုန်း၊မည်သည့်နေရာသည်လျှိုမြောင် ဆိုသည်ကို ခွဲခြားတတ်ဖို့ရာမလွယ်ကူပေ။ DEM data တွင် band တစ်ခုတည်းပါသည့်အတွက် အဖြူအမည်းအဖြစ် လက်တန်းပြသခြင်းဖြစ်သည်။ အဖြူအမည်းဖြင့် မြေပြင်အနိမ့်အမြင့်များကို လွယ်ကူစွာ မြင်ရလေ့မရှိသဖြင့် Layer properties > Symbology တွင် အခြားနည်းလမ်းများဖြင့် ပြောင်းပြီး ပြသခြင်းအားဖြင့် ကြည့်ရလွယ်နားလည်လွယ်စေမည်ဖြစ်သည်။

  • Pseudo color – Continuous – အမြင့်အလိုက် အရောင်ဖြင့်ပြသခြင်း

  • Pseudo color – Discrete Classes – အမြင့်ကိုအုပ်စုများခွဲပြီးအရောင်ဖြင့်ပြသခြင်း

  • Hillshade – တောင်ရိပ်ဖြင့် ဖော် ပြ ခြင်း

နေရောင်ကျရောက်သည့်အခါ တောင်အရိပ်များဖြစ်ပေါ်သည့်ပုံကိုဖန်တီးပေးသည့်အတွက် ရုပ်လုံးကြွစေပြီး မြေပြင်အနေ အထားကို မြင်သာစေသည်။ တောင်ရိပ် ကို symbology မှလည်းကောင်း Hillshade tool ဖြင့်လည်းကောင်းဖန်တီးနိုင်သည်။ symbology မှဖန်တီးခြင်းသည် မိမိစိတ်ကြိုက် ပုံစံမရမချင်း parameter များကိုပြောင်းပေးယုံသာဖြစ်သည်။ ယင်းနည်းသည် အခြေအနေအများစုအတွက်အဆင်ပြေသည်။ များသောအားဖြင့် Hillshade layer သီးသန့်သုံးလေ့မရှိပေ satellite image, contours, landuse စသည့်‌ဒေတာများနှင့် ထပ်ပြီး blending လုပ်ပြလေ့ရှိသည်။ Maptiler Topo, ESRI Topo basemap များသည် hillshade တောင်ရိပ်များကိုထည့် သွင်းအသုံးပြုထားသဖြင့် အလွန်ကြည့်လို့ကောင်းသည့်မြေပုံများဖြစ်သည်။

Layer Properties> Symbology tab > Hillshade render type

hillshade နမူနာကိုအောက်တွင်ကြည့်ပါ

4. DEM Analyses – တွက်ချက်မှုများ

4.1 Hill shading – တောင်ရိပ်များဖန်တီးခြင်း

တောင်ရိပ် layer များကို မြေပုံထုတ်လုပ်ရာတွင်  မြေပြင်ရုပ်လုံးကြွစေရန်အတွက်နောက်ခံ layer အဖြစ်အသုံးပြုလေ့ရှိသည့်။ hill shade or shaded relief ဟုခေါ်သည်။ မြေပြင်တွင် နေရောင်ကျပါ ဖြစ်လာမည့်အရိပ်အနေအထားကိုတွက်ချက်ထုတ်လုပ်ခြင်းဖြစ်သည်။

hillshade နောက်ခံသုံးထားသည့် မြေမျက်နှာသွင်ပြင်ပြပုံ – maptiler

Hillshade ဖန်တီး ရာတွင် သတ်မှတ်ပေးရမည့် အချက် (၃) ခုရှိသည် …

1.  Azimuth နေရှိရာအရပ်မျက်နှာဒီဂရီ (မြောက်ဖက် (၀) သုညမှ စပြီး လက်ယာရစ် အတိုင်း တစ်ပါတ်လည် ၃၆၀ ဒီဂရီဖြစ်သည်)။ ရာသီအလိုက် နေရောင်ကျရောက်မှုနှင့် တူညီစေရန် သို့မဟုတ် တောင်ကုန်း တောင်တန်းများ၏တည်ရှိပုံအရ အရိပ်ကျပုံ ပိုမိုကောင်းမွန်စေရန် အသုံးပြုနိုင်သည်။

2. Altitude/Elevation နေရှိမည့်အမြင့်ထောင့်ဒီဂရီတန်ဖိုး (ရေပြင်ညီသည် ၉၀ ဂရီဖြစ်ပြီး ခေါင်း ပေါ်တည့် တည့် သည် (၀) သုညဒီဂရီဖြစ်သည်)။ နေ့အချိန်အလိုက် နေရောင်ကျရောက်မှုနှင့် တူညီစေရန် သို့မဟုတ် တောင်ကုန်းတောင်တန်းများ၏ အနိမ့်အမြင့်ကွာချားချက်အရ အရိပ်ကျပုံ ပိုမိုကောင်းမွန်စေရန် အသုံးပြုနိုင်သည်။ (အချို့ ဆော့ဝဲများတွင် ရေပြင်ညီသည် (၀) သုညဒီဂရီဖြစ်ပြီး ခေါင်း ပေါ်တည့် တည့် သည် ၉၀ ဒီဂရီဖြစ်သည်)

ပုံ – qgis.org

3. z factor – ယူနစ်ပြောင်းကိန်း/အမြင့်အဆချဲ့တန်ဖိုး။ ဥပမာ – raster data ၏ Projection/CRS သည် မီတာစနစ်ကိုအခြေခံထားပြီး အမြင့်တန်ဖိုးများသည် ပေ(ft) ယူနစ်များဖြစ်နေပါက ပေ-မှ-မီတာ သို့ပြောင်းရန်လိုသည့် z factor 0.305 ထည့်သုံးနိုင်သည်။ထို့အပြင်  အနိမ့်အမြင့်ကွာခြားချက်နည်းပါးသည့်အခါ မြေပြင်အမြင့်ကို အဆချဲ့ပေးခြင်းဖြင့် ရုပ်ကြွမှုကောင်းရန် ထည့်သွင်းအသုံးပြုနိုင်သည်။ GCS projected dem layer တွင် အမြင့်တန်ဖိုးများကို degree ဟု ဆော့ဝဲက ယူဆတွက်ချက်ခြင်းကို ရှောင်ရှားရန် 0.00001 ကိုအသုံးပြုလေ့ရှိသည် (deg-to-meter အတိအကျပြောင်းပေးခြင်းမဟုတ်တာသတိပြုပါ)။ 

QGIS တွင် Hill shade ကို ဖန်တီးရန် နည်းလမ်းနှစ်ခုရှိသည်။

1. Hillshade ‌as raster symbology – DEM layer ကို Hillshade အဖြစ် symbology အဖြစ် ပြခြင်း။ Azimuth နှင့် Altitude တန်ဖိုးများကို စမ်းသပ်ကြည့်ရန် အသုံးဝင်သည်။ Layer Properties> Symbology tab > Hillshade render type

2.a Hillshade as output –  Raster terrain analysis > Hillshade tool – Hillshade raster အဖြစ်ထုတ်‌ ပေးသည်။

2.b Hillshade as output – GDAL > Raster analysis > Hillshade tool– Hillshade raster အဖြစ်ထုတ်‌ ပေးသည်။

QGIS Core Processing Algorithm – Hillshade tool

4.2 Slope – လျှောစောက်/ကုန်းစောင်း များတွက်ချက်ခြင်း

မြေမျက်နှာပြင်၏အစောင်းကို လျှောစောက် (slope) ဟုခေါ်သည်။

မြေဆီလွှာတိုက်စားမှု တွက်ချက်ခြင်း (erosion)၊ ရေစီးဆင်းမှုပမာဏ (run off) တွက်ချက်ခြင်း ၊ လမ်းဖောက်လုပ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းကြီးများတွင် မြေသားတည်ငြိမ်မှု (slope stability) တွက်ချက်ခြင်း ၊ စိုက်ပျိုးမြေရွေးချယ်ခြင်း(suitability) တွက်ချက်မှုလုပ်ငန်းများတွင် လျောစောက်တန်ဖိုးများကို ထည့်သွင်းအသုံးပြုလေ့ရှိသည်။

မြေမျက်နှာပြင်၏အစောင်း (ဝါ) လျှောစောက်ကို DEM မှတွက်ချက်ထုတ်ယူနိုင်သည်။  

လျှောစောက်တန်ဖိုးသတ်မှတ်ချက်နှစ်မျိုးရှိသည်။ 

၁ – လျှောစောက် ထောင့် (degree) – အစောင်းထောင့်ကို ဒီဂရီဖြင့်ဖော်ပြခြင်းဖြစ်သည်။ ရေပြင်ညီသည် (၀) သုညဒီဂရီ ရှိပြီး ထောင်လိုက် ကမ်းပါးသည် ၉၀ ဒီဂရီရှိသည်။

၂ – လျှောစောက် ရာခိုင်နှုံး (percent) – ရေပြင်ညီ ယူနစ် ၁၀၀ တွင် ရှိသည့် အမြင့်ကွာခြားချက်ဖြစ်သည်။ အင်္ဂျင်နီယာလုပ်ငန်းများတွင် grade/gradient ဟုသုံးနှုံးလေ့ရှိသည်။ ရေပြင်ညီသည် ၀% သုညရာခိုင်နှုံး ရှိပြီး ၄၅ degree တောင်စောင်းသည် ၁၀၀% ဖြစ်ပြီး၊ထောင်လိုက်ကမ်းပါးသည် ∞ (infinity – အဆုံးမရှိ) % ဖြစ်သည်။

slope raster

အထက်ပါတန်ဖိုး နှစ်ခုလုံးတွင် ( + ) အပေါင်းတန်ဖိုးသည် ကုန်းတက် ဖြစ်ပြီး ( – ) အနှုတ်တန်ဖိုး သည် ကုန်းဆင်း ဖြစ်သည်။ သို့သော် ကုန်းအဆင်းနှင့်အတက်သည် ကြည့်ရှုသည့်ဖက်အပေါ်တွင်သာ မူတည်သည့်အတွက် GIS တွင် အပေါင်းတန်ဖိုးဖြင့်သာ အသုံးပြုသည်။

Slope တွက်ချက်ခြင်း – GCS စနစ်ဖြင့် ထုတ်လုပ်ထားသည့် DEM များတွင် အမြင့်မီတာတန်ဖိုးများကို 0.00001 ဖြင့်မြှောက်ပေးခြင်းဖြင့် ယူနစ်နီးစပ်အောင်ပြုလုပ်နိုင်သော်လည်း တိကျသည့် ယူနစ်ပြောင်းလဲမှု မဟုတ်သည့် အတွက် တိကျမှုအထူးလိုအပ်သည့်လုပ်ငန်းများအတွက် DEM ကို PCS တစ်ခုသို့ ပြောင်း (reproject)ပြီးမှသာ အသုံးပြုသင့်သည်။ DEM ကို  reproject  လုပ်ရန် GDAL > Warp (reproject) tool ကိုအသုံးပြုပါ။

  1. QGIS Core tool – Raster terrain analysis > Slope tool  – ဒီဂရီဖြင့်သာတွက်ပေးသည်။
  2. GDAL > Raster analysis > Slope tool– ဒီဂရီ သို့မဟုတ် % ကိုရွေးချယ်နိုင်သည်။

4.3 Aspect – မြေပြင်မျက်နှာမူရာ အရပ်

မြေပြင်သည်စောင်းနေပါက ယင်းအစောင်းလှည့်သည့်ဖက်ကို မြေပြင်မျက်နှာမူရာအရပ် သို့မဟုတ် လျှောစောက်မျက်နှာမူရာအရပ် ဟုခေါ်သည်။ တောင်စောင်းမျက်နှာမူရာအရပ်နှင့် နေရောင်ကျရောက်မှု သည် တိုက်ရိုက်သက်ဆိုင်သည့်အတွက် သီးနှံစိုက်ပျိုးရန် မြေနေရာ ရွေးချယ်ရာတွင် ထည့်သွင်းအသုံးပြုသည့် အချက်အလက်တစ်ခုဖြစ်သည်။

  1. QGIS Core tool – Raster terrain analysis > Aspect tool 
  2. GDAL > Raster analysis > Slope tool– အရပ်မျက်နှာပြ ဒီဂရီ သို့မဟုတ် တြီဂိုနိုမက်တြီ ဒီဂရီ (အရှေ့အရပ်မှစပြီး လက်ဝဲရစ်) ကိုရွေးချယ်နိုင်သည်။
QGIS Core Algorithm – Aspect Tool

4.4 Reclassifying a DEM raster

Raster layer တစ်ခုရှိ cell တန်ဖိုးများ ကိုသတ်မှတ်တန်ဖိုးများဖြင့် အုပ်စုများအဖြစ်ခွဲခြင်းကို reclassify လုပ်သည်ဟုခေါ်သည်။ ထိုသို့အုပ်စုခွဲခြင်းအားဖြင့် raster တွက်ချက်မှုလုပ်ငန်းစဉ်တွင် ရှင်းလင်းလွယ်ကူစေသည်။ ဥပမာအားဖြင့် အမြင့်တန်ဖိုးများကို meter 100 စီခွဲခြားအုပ်စုဖွဲ့ခြင်း။ အုပ်စုတစ်ခု၏အနည်းဆုံးတန်ဖိုးနှင့်အမြင့်ဆုံးတန်ဖိုးများကိုသတ်မှတ်ပေးပြီး ထိုအုပ်စုအတွက် တန်ဖိုးတစ်ခုသတ်မှတ်ပေးရန်လိုသည်။ မီတာ၁၅၀ မှ ၂၅၀ အတွင်း အမြင့်ရှိမြေပြင်များကို မီတာ ၂၀၀အုပ်စုဟုသတ်မှတ်ခြင်း။

လျှောစောက်မျက်နှာပြင် အလှည့် (aspect) တန်ဖိုးများကို အုပ်စု (၈) ခု ခွဲပုံကိုနမူနာအဖြစ်အောက်တွင် ရှင်းလင်းတင်ပြထားသည်။ (မြောက် – ၁, အရှေ့ – ၂, တောင် – ၃, အနောက် – ၄၊ အရှေ့မြောက် – ၁၂, အရှေ့တောင် – ၂၃, အနောက်တောင် – ၃၄, အနောက်မြောက် – ၄၁ ဟုသတ်မှတ်ပါမည်။ အရပ်မျက်နှာတစ်ခုသည် ၄၅ဒီဂရီကျယ်မည်ဖြစ်သည်။)

Processing Toolbox – Raster analysis > Reclassify by table

Reclassify by table tool ကိုဖွင့်ပါ –

  1. ဤနမူနာရှင်းပြချက်အတွက် Aspect raster ကိုရွေးပေးပါ
  2. Reclassification table ညာဖက်ရှိ အစက်သုံးစက်ပါ [ . . . ] ခလုပ်ကိုနှိပ်ပါ (အောက်ဒုတိယပုံ)
    1. Add Row
    2. min, max, value တန်ဖိုးများဖြည့်ပါ
    3. #1 – #2 အဆင့်များ ဆက်လက်လုပ်ပါ
  3. use no data when no range matches value ကိုအမှန်ခြစ်ပါ
  4. Byte or Int16 data type ကို ရွေးထားပါ (တန်ဖိုးအသစ်များသည် ကိန်းပြည့်ဂဏန်းများဖြစ်သည့်အတွက်)
  5. ရလာမည့် reclassified ဒေတာ အတွက် [ . . . ] ခလုပ်ကိုနှိပ်ပြီး ဖိုင်အမည်ပေးပါ
  6. RUN ကိုနှိပ်ပါ

အဆင့် ၂ နောက်ဆက်တွဲ – မြောက် – ၁, အရှေ့ – ၂, တောင် – ၃, အနောက် – ၄၊ အရှေ့မြောက် – ၁၂, အရှေ့တောင် – ၂၃, အနောက်တောင် – ၃၄, အနောက်မြောက် – ၄၁ ဟုသတ်မှတ်ပါမည်။ အရပ်မျက်နှာတစ်ခုသည် ၄၅ဒီဂရီကျယ်မည်ဖြစ်သည်။

အရပ်မျက်နှာ ရှစ်ခု အုပ်စုဖွဲ့ထားသည့် aspect raster

4.5 Finding heights at locations – နေရာတစ်ခုစီအတွက် မြေပြင်အမြင့်တန်ဖိုးများရှာခြင်း

သာမန်အားဖြင့် DEM ပေါ်တွင် (identify features tool) ဖြင့် mouse ထောက်ကြည့်ပါက ထိုနေရာ၏ အမြင့်တန်ဖိုးကို ဖတ်ရှုလို့ရပါသည်။

သို့သော် နေရာ တိတိကျကျ သို့မဟုတ်နေရာ နေရာအများအပြားအတွက် သိလိုပါက မောက်စ်ဖြင့်ထောက်ဖတ်သည့်နည်းလမ်းသည့် အဆင်မပြေနိုင်ပေ။

point layer တစ်ခုတွင် သိလိုသော နေရာများအတွက် point များ ထည့်ထားပြီး (ဥပမာရွာများ) ယင်း point များရှိရာမြေပြင် အမြင့်တန်ဖိုးကို dem မှတိုက်ရိုက်ရယူရန် အနည်းဆုံးနည်းလမ်းနှစ်ခုရှိပါသည်။

  • နည်းလမ်း (၁) – expression ဖြင့် အမြင့်တန်ဖိုးများကိုဖတ်ယူခြင်း

raster_value( laye_id, band_number, point) ဖန်ရှင်ဖြင့် point တစ်ခုခြင်းစီအတွက်အမြင့်တန်ဖိုးများကို attribute table တွင် ထည့်သွင်းနိုင်ပါသည်။

လိုအပ်ချက် – point layer နှင့် dem layer ၏ projection တူရမည်ဖြစ်သည်

ရှင်းလင်းချက် – Layer id သည် Map layer အောက်ရှိ dem layer (cop30_wgs84) ကို နှစ်ချက်နှိပ်လိုက်ချိန်တွင် အလိုလျောက်ထည့်သွင်းပေးသွားမည်ဖြစ်သည်။ DEM layer တွင် band တစ်ခုတည်းသာပါသဖြင့် band  သည် နံပါတ် 1 သာဖြစ်သည် geometry သည် point layer ၏ လက်ရှိတွက်နေချိန်တွင် ကျသည့် feature ၏ point geometry တစ်ခုဖြစ်သည်။ $currentfeature ဖြင့် ရှိသမျှ feature များကိုထုတ်ပေးမည်ဖြစ်သည်။

  • နည်းလမ်း (၂) – Raster Analysis > Sample raster values tool အသုံးပြုရယူခြင်း
  1. point layer ကိုရွေးပါ
  2. raster layer ကိုရွေးပါ
  3. ရလာသည့် raster cell တန်ဖိုးများကို သိမ်းဆည်းမည့် ကော်လံ အမည်အစ
  4. ဖိုင်အသစ်ဖြင့်ထုတ်ပေးမည်ဖြစ်သည့် အတွက် outtput file name ပေးရပါမည် (ကွက်လပ်ထားပြီးစမ်းသပ်နိုင်ပါသည်)

4.6 Finding highest and lowest elevation inside polygons – polygons များအတွင်းကျရောက်သော အနိမ့်ဆုံး၊အမြင့်ဆုံး၊ပျှမ်းမျှ မြေပြင်အမြင့်တန်ဖိုးရှာခြင်း

မြေအသုံးချမှုအမျိုးအစား တစ်ခု ၏ မြေပြင် အနိမ့်ဆုံး၊ အမြင့်ဆုံး၊ ပျှမ်းမျှတန်ဖိုး များကိုသိလိုပါက အထက်တွင် ဖော်ပြခဲ့သည့်နည်းများ အသုံးပြုလို့မရနိုင်ပါ။ အထွေထွေသုံး Raster tool တစ်ခုဖြစ်သည့် Zonal statistics tool ကိုအသုံးပြုရမည်ဖြစ်သည်။ Zone ဆိုသည့်မှာ vector တွင် polygon နှင့် အတူတူပင်ဖြစ်သည့်အတွက် မည်သည့် polygon vector မဆို ဤနည်းကိုအသုံးပြုနိုင်သည်။ ထို့အတူ class raster ကိုလည်းအသုံးပြုနိုင်ပါသေးသည်။ ဇုန်တစ်ခုအတွင်း ကျနေသည့် raster cell များ၏တန်ဖိုးများကို စာရင်းအင်းအချက်အလက်များအဖြစ်တွက်ပေးခြင်းဖြစ်သည်။

  • Raster analysis > Zonal statistics tool
  1. input polygon layer – ဇုန်များပါသည့် layer
  2. raster layer – မည်သည့် raster layer မဆို (ဤဥပမာ တွင် dem layer) 
  3. column name prefix – ကော်လံအမည်တွင် ရှေ့ကပုံသေထည့်မည့် အပိုင်း
  4. statistics (to choose your desired ones) – တွက်လိုသည့် အချက်အလက်များကို ရွေးပါ

အဆင့် (၄) တွင် ရွေးချယ်နိုင်သည့် statistics options များ
ကျေးရွာအုပ်တစ်ခုချင်းအတွင်းရှိ အမြင့်ဆုံး၊အနိမ့်ဆုံး၊ပျှမ်းမျှ အမြင့် ကို zonal statistics tool ဖြင့်ထုတ်ယူရှိပြီး attribute table အတွင်းဝင်ရောက်လာ ပုံ။

4.7 Finding max, min and average slope within polygons – polygons များအတွင်းကျရောက်သော အနိမ့်ဆုံး၊ အမြင့်ဆုံး၊ ပျှမ်းမျှ လျောစောက်တန်ဖိုးများရှာခြင်း

စိုက်ပျိုးမြေများ တွင် မြေဆီလွှာတိုက်စားခံရမှုအကြောင်းတရားများတွင် မြေပြင်လျှောစောက်အနေထားသည့် အရေးကြီးသည့်အချက်တစ်ချက် အဖြစ်ထည့်သွင်းစဉ်းစားလေ့ရှိသည်။ လေ့လာရရှိသည့် လျှောစောက်တန်ဖိုးများမှနေပြီး မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးရမည့် စိုက်ပျိုးမြေအမျိုးအစားများကို သိရှိနိုင်သည်။ သိုမဟုတ် မည်သည့်စိုက်ပျိုးမြေများကို မည်မျှမတ်စောက်သည့် တောင်စောင်းများတွင်စိုက်ပျိုးသနည်းဆိုသည့် အချက်ကိုလေ့လာရန် အတွက်လည်း လျှောစောက်တန်ဖိုးများကိုလေ့လာလေ့ရှိသည်။

အထက်ဖော်ပြပါ zonal statistics tool တွင် raster input တွင် dem layer အစား slope layer ကိုထည့်သွင်းပြီး အလိုရှိရာ စာရင်းအင်းအချက်အလက်များကိုရွေးပေးခြင်းဖြင့် မြေအသုံးချမှု အကွက်တစ်ခုခြင်းအတွက် အပြေဆုံး၊အမတ်ဆုံး နှင့် ပျှမ်းမျှမြေပြင် လျှောစောက်တန်ဖိုးများကို ရရှိပါလိမ့်မည်။

5. ဆက်လက်လေ့ကျင့်ရန်နမူနာများ

၁- မည်သည့်စိုက်ပျိုးမြေအမျိုးအစားများသည် ထူးထူးခြားခြား တစ်ဖက်တည်းသို့ မျက်နှာမူနေသည့် အရပ်မျက်နှာ ရှိနေသလား လေ့လာကြည့်ရန်။ (အရိပ်အမြွတ် – Zonal statistics tool တွင် aspect layer ကိုထည့်သွင်းအသုံးပြုပါ။)

၂- သင်နေထိုင်ရာမြို့နယ်အတွင်းရှိကျေးရွာများ၏ အမြင့်ပေကိုထုတ်ယူပြပါ။

၃- အဆင့်မြင့် မေးခွန်း – zonal statistic tool ဖြင့်ချဲ့ထွင်တွက်ချက်ခြင်း

– ငလျင်ဗဟိုချက် မှ ကီလိုမီတာ ၁၀၀ အတွင်းရှိလူဦးရေကိုတွက်ပါ။ earthquake_epicenter.shp (point) နှင့် လူဦးရေ population raster (wp_mmr_pop20_subset.tif) ကိုအသုံးပြုပါ။

https://www.worldpop.org မှ တစ်နိုင်ငံလုံး လူဦးရေ raster file ကိုရယူပြီး မြန်မာနိုင်ငံ၏မြို့နယ်များရှိ လူဦးရေကိုတွက် ကြည့်ပါ။ မြို့နယ် polygon file ဖိုင်လိုအပ်ပါမည်။

6. ဆက်လက်လေ့လာနိုင်ရန်

SRTM DEMs, ASTER DEM & Other DEMs download – https://earthexplorer.usgs.gov/

Copernicus DEMs download – https://panda.copernicus.eu/web/cds-catalogue/panda

ALOS DEM download – ftp://ftp.eorc.jaxa.jp//pub/ALOS/ext1/AW3D30/release_v2012_single_format

OpenTopography DEM Downloader plug-in – https://plugins.qgis.org/plugins/OpenTopography-DEM-Downloader/

Various Dem – https://www.OpenTopograhy.org

Population grid – https://www.worldpop.org 

https://data.worldpop.org/GIS/Population/Global_2000_2020_Constrained/2020/BSGM/MMR/mmr_ppp_2020_UNadj_constrained.tif

Everything you need to know about DEM,DSM, DTM https://up42.com/blog/tech/everything-you-need-to-know-about-digital-elevation-models-dem-digital

3D visualization in QGIS https://www.geodose.com/2018/02/dem-3d-visualization-qgis.html

7. အကိုးအကားများ

Terrain Analysis — QGIS Documentation

documentationdocumentationhttps://en.wikipedia.org/wiki/Digital_elevation_model

https://en.wikipedia.org/wiki/Terrain_cartography

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details