
LiDAR ၏အရှည်မှာ အဓိပ္ပါယ်မှာ light detection and ranging ဖြစ်ပါသည်။
ပတ်ဝန်းကျင်မှ အရာဝတ္ထုများ၏ တိကျသောအကွာအဝေးနှင့် ရွေ့လျားနေမှုများကို တိုင်းတာရန် လေဆာတန်းများ ပစ်လွှတ်ပြီးတိုင်းတာသော remote sensing နည်းပညာတစ်မျိုး ဖြစ်ပါသည်။ တိုင်းတာမှုများမှာ real time data (တိုင်းတာနေစဉ် ချက်ချင်းအဖြေထွက်သော) များဖြစ်ပါသည်။
LiDAR ကိုအသုံးပြုပြီး အသေးစိတ်တိကျသော မြေမျက်နှာသွင်ပြင်ပြ မြေပုံများကို ဖန်တီးနိုင်သလို၊ အရှိန်ဖြင့်ပြေးလွှားမောင်းနှင်နေသော မောင်းသူမဲ့ကားများအတွက် လိုအပ်သောအချက်အလက်များကို အာရုံခံရန် လမ်းတစ်လျှောက်ရှိ အရာဝတ္ထုများ၏ 3D ရုပ်ပုံများ ဖန်တီးပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးနိုင်ပါသည်။ ထို့အပြင် ချော်ရည်ပူများ စီးဆင်းနေမှု၊ မြေပြိုခြင်း၊ ဆူနာမီလှိုင်းများ နှင့် ရေကြီးခြင်းတို့ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို စူးစမ်လေ့လာရန်အတွက်လည်း LiDAR ကိုအသုံးပြုနိုင်ပါသည်။
LiDAR ဘယ်လိုအလုပ်လုပ်သလဲ
LiDAR ၏အလုပ်လုပ်ပုံမှာ radar (microwave လှိုင်းကိုပစ်လွှတ်ပြီး အရာဝတ္ထုများနှင့် ၎င်းတို့၏ အကွာအဝေးကို တိုင်းတာသောနည်းပညာ၊ လေယာဥ်ပျံ နှင့် သင်္ဘောများတွင် အသုံးပြု) နှင့် sonar (အသံလှိုင်းကိုပစ်ထုတ်ပြီး ရေလမ်းခရီး လမ်းညွှန်ခြင်းနှင့် အကွာအဝေးတိုင်းတာသော နည်းပညာ၊ ရေငုတ်သင်္ဘောများတွင် အသုံးပြု) စနစ်များ ကဲ့သို့ပဲ ဖြစ်ပါသည်။ ၎င်းနည်းပညာ ၃ မျိုးလုံးသည် လှိုင်းတစ်ခုခုကို ပစ်လွှတ်လိုက်ပြီး အရာဝတ္ထုများ နှင့် ၎င်းတို့၏ အကွာအဝေးများကို တွက်ချက်တိုင်းတာရာတွင် အသုံးပြုကြပါသည်။ အဓိက ကွာခြားချက်မှာ radar သည် microwave ကိုအသုံးပြုခြင်း၊ sonar သည် အသံလှိုင်းကို အသုံးပြုခြင်း နှင့် LiDAR သည် laser အလင်းကို အသုံးပြုခြင်းဖြစ်ပါသည်။ Laser အလင်းတန်းကို အသုံးပြုခြင်းအတွက် အားသာချက်အနေဖြင့် ပိုမိုမြန်မြန်ဆန်ဆန် တိုင်းတာနိုင်ပြီး ပိုမိုတိကျသော ရလာဒ်များကို ဖန်တီးပေးနိုင်ပါသည်။
Laser စနစ်မှာပါဝင်သော အစိတ်အပိုင်းများ
LiDAR စနစ်တစ်ခုတွင် အဓိကအစိတ်အပိုင်း ၃ ခုဖြင့် ဖွဲ့စည်းထားပါသည်။
- Near-infrared laser အလင်းစက်များကို အမြန် ပစ်ထုတ်ပေးနိုင်သော laser scanner
- အရာဝတ္ထုများမှ ပြန်ကန်ထွက်လာသော laser အလင်းစက်များကို ဖမ်းယူပေးသော LiDAR sensor
- ပစ်လွှတ်လိုက်သော laser အလင်းစက်၏အသွားအပြန် ကြာချိန် နှင့် အကွာအဝေးကို တွက်ချက်ပေးပြီး Laser point cloud ကို ဖန်တီးပေးသော processor တို့ ဖြစ်ကြပါသည်။

Remote sensing လုပ်ငန်းများအတွက် တိကျသော data များကို ဖန်တီးရန် အချိန်နှင့် နေရာသည် အလွန်တိတိကျကျ ဖြစ်ရပါမည်။ ထို့ကြောင့် LiDAR ကိရိယာတွင် အချိန်ကို မှတ်သားရန် ပစ္စည်းများ၊ inertial measurement unit (IMU) နှင့် GPS တို့ကိုလည်း ထည့်သွင်း တည်ဆောက်ထားပါသည်။
LiDAR တိုင်းတာခြင်းနည်းလမ်း
LiDAR ကနေပြီး laser အလင်းစက်များကို ပတ်ဝန်းကျင်ဆီကို ပစ်လွှတ်လိုက်ပါသည်။ ၎င်း laser အလင်းစက်များသည် အလင်း၏ အလျင်ဖြင့် ပတ်ဝန်းကျင်မှ အရာဝတ္ထုများကို ထိမှန်ပြီး sensor ဆီကိုပြန်လာပါသည်။ ၎င်းပြန်လာသော laser အလင်းစက်တစ်ခုချင်း၏ အသွားအပြန်ကြာချိန်ကိုအသုံးပြုပြီး ထိမှန်ခဲ့သော အရာဝတ္ထုများ၏ အကွာအဝေးကို တွက်ချက်ပေးပါသည်။ ၎င်းနည်းလမ်းအတိုင်း အကြိမ်ပေါင်းများစွာ laser အလင်းစက်များကို ပတ်ဝန်းကျင် တစ်ခုလုံးကို ပစ်ထုတ်ပြီး အချိန်တိုအတွင်းမှာပဲ အချက်အလက်ပေါင်းများစွာ (တည်နေရာနှင့် အကွာအဝေး) ကို တွက်ချက်လိုက်ပြီး LiDAR point cloud ဟုခေါ်သော data ကိုအချိန်နှင့်တပြေးညီ ဖန်တီးပေးပါသည်။
LiDAR data များကို ဆန်းစစ်ခြင်းနှင့် 3D ရုပ်ပုံများဖန်တီးခြင်း
LiDAR point cloud ကို 3D မြေပုံအဆင့်ထိ ရောက်ရှိရန်အတွက် data များကိုအဆင့်ပေါင်းများစွာ ဖြတ်သန်းလုပ်ဆောင်ရပါသည်။ ပထမဦးဆုံးအဆင့်အဖြစ် အမှားကင်းပြီးပြည့်စုံအောင် ကောင်းမွန်သော data များကိုရှာဖွေစစ်ဆေးပြီး ပုံမှန်မဟုတ်သောအချက်အလက်များကို ဖယ်ရှားပစ်ပါသည်။ ထို့နောက် အဆောက်အဦး၊ မြစ်ကမ်းနားများ နှင့် သစ်တောကဲ့သို့သော အရာဝတ္ထုများကို တွက်ချက်ခွဲခြားဖော်ထုတ်နိုင်ပါသည်။
ဆန်းစစ်မှုကို လွယ်ကူရိုးရှင်းစေရန် မလိုအပ်ဘဲ ပိုလျှံနေသော data များကိုဖယ်ရှားခြင်းနှင့် data အရွယ်အစားလျှော့ချခြင်းတို့ကို လုပ်ဆောင်ပါသည်။ ထို့နောက် ရရှိလာသော data ကို industry-standard LAS (or LASer) format အဖြစ်ပြောင်းလဲပစ်ပြီး 3D data အဖြစ်ပြောင်းလဲသွားပါသည်။
နောက်ဆုံးအဆင့်အနေဖြင့် LAS အဖြစ်ပြောင်းလဲပြီးသွားလျှင် point cloud များကို မြင်နိုင်ပြီး ပတ်ဝန်းကျင်မှ မြေမျက်နှာသွင်ပြင် ပုံပန်းသဏ္ဍာန်ကို 3D မြေပုံအဖြစ် ပုံဖော်နိုင်ပြီ ဖြစ်ပါသည်။ ယခုဖော်ပြခဲ့သော တွက်ချက်မှု၊ ဆန်းစစ်မှုများသည် အချိန်နှင့် တပြေးညီဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ပြီး data များကိုလည်း ဆက်တိုက် ဖန်တီးပေးနေခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း မောင်းသူမဲ့ယာဥ်များတွင်တပ်ဆင် အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။ မောင်းသူမဲ့ ကားများတွင် နာရီတိုင်းမှာ data များ terabyte ထိအမြဲတမ်းတွက်ချက်နေပါသည်။
LiDAR အမျိုးအစားများ
LiDAR အမျိုးအစား ၂ မျိုးရှိပါသည်။
Airborne LiDAR
Airborne laser scanning systems လို့လည်းခေါ်သော Airborne LiDAR systems ကို လေယာဥ်ပျံ နှင့် ရဟတ်ယာဉ်များတွင် တပ်ဆင်အသုံးပြုပြီး 3D မြေပုံများ ဖန်တီးရာတွင် အဓိကအသုံးပြုပါသည်။

လေယာဉ်များတွင်တပ်ဆင်အသုံးပြုသော LiDAR (Image source – https://shorturl.at/iilhP)
Airborne LiDAR သည် ကမ္ဘာ့မြေမျက်နှာပြင်ကို ရုပ်လုံးကြွ 3D မြေပုံများရေးဆွဲခြင်းအတွက် အသုံးဝင်သော ခေတ်မှီနည်းပညာဖြစ်လာပြီး တိကျမှုအားနည်းသော photogrammetry နည်းလမ်းများနေရာတွင် အစားထိုး အသုံးပြုနေကြပါပြီ။ သစ်တောကဏ္ဍမြေပုံရေးဆွဲခြင်းတွင် သစ်တောရွက်အုပ်များ နှင့် သစ်တောအောက်ရှိ မြေမျက်နှာပြင် အနိမ့်အမြင့် တို့ကို သိရှိနိုင်ရန်အတွက် Airborne LiDAR ကိုတွင်တွင်ကျယ်ကျယ် အသုံးပြုနေပါသည်။

LiDAR ကောင်းကင်ဓာတ်ပုံ (Image source – https://shorturl.at/iae1c)
LiDAR နည်းပညာတွင် ပါဝင်သော Airborne အမျိုးအစားများမှာ –
Bathymetric LiDAR
ကမ်းရိုးတန်းတစ်လျှောက်မှ ရေတိမ်သောနေရာများမှ GIS data များကို ရယူရန်အတွက် Bathymetric LiDAR ကိုအသုံးပြုနိုင်ပါသည်။ သာမန်အသုံးပြုနေကြ infrared laser အလင်းတန်းကို အစား Bathymetric LiDAR သည် အစိမ်းရောင် laser အလင်းကိုပစ်ထုတ်ပါသည်။ ၎င်း အစိမ်းရောင် laser အလင်းတန်းသည် ရေကိုဖောက်ထွင်းပြီးသွားနိုင်သော လှိုင်းအလျားရှိသောကြောင့် ရေအောက်ကြမ်းပြင်ကို တိုင်းတာခြင်းများ ပြုလုပ်နိုင်ပါသည်။
Space-based LiDAR
NASA နှင့် အခြား အာကာသအဖွဲ့အစည်းများသည် အာကာသယာဉ်များ လမ်းညွှန်ခြင်းနှင့် အာကာသထဲရှိ လွင့်မျောနေသော အရာဝတ္ထုများကို တိုင်းတာ မြေပုံဆွဲရန် space-based LiDAR ကိုအသုံးပြုကြပါသည်။ NASA ၏အလိုလျောက်မောင်းနှင်သော ယာဉ်များနှင့် အင်္ဂါဂြိုလ်ပေါ်မှာ ရဟတ်ယာဉ်ပျံသန်းခြင်းတို့အတွက်လည်း LiDAR ကိုအသုံးပြုပါသည်။
Terrestrial LiDAR
Terrestrial LiDAR သည် မြေပြင်တွင်အသုံးပြုသော LiDAR စနစ်တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်မှ မြေမျက်နှာသွင်ပြင်နှင့် အခြားအရာများကို တိုင်းတာပြီး မြေပုံဖန်တီးရန် အသုံးများပါသည်။ ပတ်ဝန်းကျင်က အရာဝတ္ထုများကို အသေးစိတ်တိကျသည့် မြေပုံဆွဲရန် အဓိက အသုံးပြုပါသည်။
Terrestrial LiDAR အမျိုးအစားများမှာ –
Static LiDAR
အချို့သော terrestrial LiDAR စနစ်များသည် နေရာတစ်ခုတည်းမှာ အသေတပ်ဆင်ထားပြီး ၎င်းပတ်ဝန်းကျင်မှ အရာဝတ္ထုများကို ထပ်ခါထပ်ခါတိုင်းတာပြီး တိကျသော အချက်အလက် မြေပုံများကို ဖန်တီးရန်အသုံးပြုပါသည်။ ရှေးဟောင်းအမွေအနှစ်များ တူးဖော်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်များကို ဆန်းစစ်လေ့လာခြင်းများတွင် Static LiDAR ကိုအသုံးပြုပါသည်။ မီးတောင်များ ပေါက်ကွဲခြင်း၊ ငလျင်ပြတ်ရွေ့ကြောများနှင့် ရေကြီးခြင်းတို့ကို လေ့လာစောင့်ကြည့်ရန် အသုံးပြုနိုင်ပါသည်။
Mobile LiDAR
Mobile LiDAR ဆိုသည်မှာ ရွေ့လျားနေသော ယာဉ်များတွင် တပ်ဆင်ထားသော terrestril LiDAR အမျိုးအစားဖြစ်ပါသည်။ မောင်းသူမဲ့ အလိုလျောက်မောင်းနှင်သော ကားများတွင် mobile LiDAR systems (MLSs) ကိုတပ်ဆင်ထားပါသည်။ အချိန်နှင့်တပြေးညီ ပတ်ဝန်းကျင်မှ အရာဝတ္ထုများကို မြန်မြန်ဆန်ဆန်၊ မှန်ကန်တိကျစွာ တိုင်းတာနိုင်သောကြောင့် မော်တော်ကားသည် မိမိပတ်ဝန်းကျင်ကို နားလည်ပြီး အလိုလျောက်မောင်းနှင်နေနိုင်ခြင်း ဖြစ်ပါသည်။

အလိုလျောက်မောင်းနှင်သော ကားများတွင် တပ်ဆင်ထားသော LiDAR အလုပ်လုပ်ပုအလုပ်လုပ်ပုံ (Image source – https://shorturl.at/w2Fzj)
LiDAR ကိုအသုံးပြုနိုင်သော လုပ်ငန်းများ
ယနေ့ခေတ်တွင် LiDAR ကို ကဏ္ဍပေါင်းစုံမှာ အသုံးပြုနေကြပါသည်။ အသေးစိတ်တိကျသော မြေမျက်နှာသွင်ပြင်၊ ပင်လယ်ရေမျက်နှာပြင် မြေပုံများ၊ ရွေ့လျားနေသော အရာဝတ္ထုများအတွက်ပါ တိကျပြီး၊ အသေးစိတ်မှန်ကန်သော အချက်အလက်များကို အချိန်တပြေးညီ တွက်ချက်ပေးနိုင်ပါသည်။
စိုက်ပျိုးရေး
စိုက်ပျိုးရေးအတွက် မြေပြင်တိုင်းတာခြင်း၊ မြေမျက်နှာသွင်ပြင်အနိမ့်အမြင့် တိုင်းတာခြင်း၊ သီးနှံထွက်နှုန်းခန့်မှန်းခြင်း၊ (မြေပြင်အနိမ့်အမြင့်၊ လျောစောက်၊ အစိုဓာတ် အပြောင်းအလဲများကို စောင့်ကြည့်ခြင်းဖြင့်) မြေဆီလွှာ၏ ဂုဏ်သတ္တိကို စူးစမ်းခြင်း တို့ကို လုပ်ဆောင်ရန်အတွက် စိုက်ပျိုးရေးတွင် LiDAR sensor များကိုအသုံးပြုကြပါသည်။ အလိုအလျောက်မောင်းနှင်သော စိုက်ပျိုးရေးသုံး ယာဉ်ကြီး၊ ယာဉ်ငယ်များတွင်လည်း LiDAR ကိုအသုံးပြုပါသည်။
အာကာသထဲမှ တိုင်းတာခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ
မြေမျက်နှာသွင်ပြင်အနိမ့်အမြင့် တိုင်းတာခြင်း၊ ပစ်မှတ်ကိုခြေရာခံခြင်း၊ သတ္ထုတူးဖော်မှုများကို ဖော်ထုတ်ခြင်း၊ တိမ်များကိုဖြတ်ပြီး ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းတို့အပြင် ရှုပ်ထွေးကြပ်သိပ်နေသော မြို့ပြပတ်ဝန်းကျင်များအတွက်နှင့် စစ်ရေးကာကွယ်ခြင်းလုပ်ငန်းများအတွက်ပါ LiDAR ကိုအသုံးပြုနိုင်ပါသည်။
အလိုအလျောက်မောင်းနှင်သော ယာဉ်များ
ယာဉ်မောင်းထောက်ကူစနစ်နှင့် မောင်းသူမဲ့ယာဉ်များသည် 3D LiDAR မြေပုံများကိုအသုံးပြုပြီး ပတ်ဝန်းကျင်ကို စူးစမ်းသိရှိပြီး အလိုအလျောက်လမ်းညွှန်ခြင်းကို လုပ်ဆောင်ပါသည်။
လေကြောင်းစနစ်တွင် အသုံးပြုခြင်း
လေတိုက်နှုန်းကို တိတိကျကျတိုင်းတာနိုင်ခြင်း၊ အဆင်းအတက်ပြုလုပ်နေသော လေယာဥ်ပျံများနှင့် အခြားလွင့်မျောနေသော အရာအဝတ္ထုများကို အစဉ်မပြတ်စောင့်ကြည့်နေရန် လေဆိပ်များတွင် LiDAR ကိုအသုံးပြုကြပါသည်။
Bathymetry
Bathymetry LiDAR သည် အစိမ်းရောင် laser ကိုအသုံးပြုပြီး ရေတိမ်မျက်နှာပြင်ကို ဖောက်ထွင်းဝင်ရောက်နိုင်သောကြောင့် ရေအောက်ကြမ်းပြင်မှ မျက်နှာပြင်များ၊ မြစ်ချောင်းများ နှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြစ်ကြမ်းပြင်များ၏ 3D မြေပုံများကို ရေးဆွဲဖန်တီးနိုင်ပါသည်။ ၎င်းမြေပုံများကိုအသုံးပြုပြီး မြေဆီလွှာတိုက်စားခြင်း၊ တောမီးလောင်ခြင်း နှင့် ရေကြီးရေလျှံခြင်းဖြစ်ပေါ်နေသော နေရာများမှ ဖြစ်နိုင်သော အန္တရာယ်များကို တိုင်းတာနိုင်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ
LiDAR ကိုအသုံးပြုပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုအတွင်းမှာ လိုအပ်သည်များကို မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် တိုင်းတာနိုင်သောကြောင့် ဘေးကင်းလုံခြုံမှု စစ်ဆေးခြင်းလုပ်ငန်းများနှင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကို ရှာဖွေတွက်ချက်ခြင်းများ လုပ်ဆောင်နိုင်ပါသည်။
စွမ်းအင်
လေအားအရင်းအမြစ်ကို လေ့လာဆန်းစစ် အကဲဖြတ်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေတူးဖော်ခြင်း၊ လျှစ်စစ်ဓာတ်အားလိုင်းများပြုပြင်ခြင်း လုပ်ငန်းများ တွင် ဓါတ်အားလိုင်များတလျောက် အပင်များပေါက်ရောက်မှုကို စီမံခန့်ခွဲခြင်း လုပ်ငန်းများတွင်လည်း LiDAR နည်းပညာကို အသုံးပြုပါသည်။
ဖျော်ဖြေရေးလုပ်ငန်းများ
Virtual reality (ပုံရိပ်ယောင်) လောကထဲမှ အရာဝတ္ထုများကို မြေပုံဖန်တီးခြင်း နှင့် Augmented reality (အပြင်ကအရာဝတ္ထုများနှင့်ပုံရိပ်ယောင်များတွဲစပ်) ဖန်တီးခြင်းများတွင်လည်း LiDAR ကိုအသုံးပြုပါသည်။
သစ်တောကဏ္ဍ
LiDAR နည်းပညာကိုအသုံးပြုပြီး အသေးစိတ်မြေပုံများ ဖန်တီးနိုင်သောကြောင့် သစ်ရွက်များရှိသောအပိုင်း နှင့် ရွက်အုပ်ထုကဲ့သို့သော အပင်များ၏ဖွဲ့စည်းပုံများကို တိုင်းတာခြင်းများအတွက်လည်း အသုံးပြုနိုင်ပါသည်။ တောမီး စီမံခန့်ခွဲခြင်းလုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ပါသည်။
ဘူမိဗေဒနှင့် သတ္ထုတူးဖော်ခြင်း
သတ္ထုတူးဖော်ခြင်းနှင့် လမ်းခင်းကျောက်ထုတ်ခြင်း လုပ်ငန်းများသည် တိုင်းတာရန် ခက်ခဲပါသည်။ ထိုကဲ့သို့ခက်ခဲသော လုပ်ငန်းများတွင် LiDAR ကို ပိုမိုအသုံးပြုလာပြီး တိုင်းတာခြင်း၊ မြေပုံဆွဲခြင်းများ လုပ်ဆောင်ပြီး အလုပ်သမားများ၏ ဘေးကင်းလုံခြုံမှုကို ဖန်တီးပေးနိုင်ပါသည်။ လမ်းခင်းကျောက်ထုတ်ခြင်း အတွက်လည်း ရရှိလာသော ပမာဏ ထုထည်ကို တိုင်းတာခြင်းများလည်း ပြုလုပ်နိုင်ပါသည်။
ကုန်ထုတ်လုပ်မှု လုပ်ငန်းများ
ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထုတ်လုပ်မည့်ပစ္စည်းများ၏ နမူနာပုံစံများကို 3D ပုံစံတူ (ပုံစံအတု) များကြိုတင်ဖန်တီးကြည့်ရန် LiDAR နည်းပညာကိုအသုံးပြုနိုင်ပါသည်။ မူမမှန်မှုများနှင့် အပြစ်အနာအဆာများကို ဖော်ထုတ်ပြီး အရည်အသွေးထိန်းချုပ်ခြင်း လုပ်ငန်းများအတွက်လည်း အသုံးပြုနိုင်ပါသည်။
မြေပုံရေးဆွဲခြင်း
မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်ကို ပြသသော DEM (digital elevation model) များကို ဖန်တီးခြင်း၊ လမ်းများ၊ တံတားများနှင့် အခြား မြေပြင်ပေါ်ရှိ အဆောက်အဦများကို မြေပုံရေးဆွဲရန် LiDAR ကိုအသုံးပြုနိုင်ပါသည်။
အပင်များကို စီမံခန့်ခွဲခြင်း
သစ်တောရွက်အုပ်များကို ဖောက်ထွင်းပြီး scan ဖတ်ခြင်း၊ အပင်ကြပ်သိပ်မှုကို စောင့်ကြည့်လေ့လာခြင်း၊ အပင်မျိုးကွဲများနှင့် သန်စွမ်းမှုတို့ကို အစဉ်တစိုက်လေ့လာစောင့်ကြည့်ခြင်းဖြင့် ၎င်းတိုကြောင့် အခြားပတ်ဝန်းကျင်မှ အခြေခံဆောက်အဦများ ကို အနှောင့်အယှက်ဖြစ်စေခြင်းကို ကာကွယ်နိုင်ပါသည်။
ရာသီဥတုခန့်မှန်းခြင်း
LiDAR ကိုအသုံးပြုပြီး အပူချိန်၊ တိမ်ဖုံးအုပ်မှု၊ လေတိုက်နှုန်း၊ လေထုသိပ်သည်းမှု နှင့် အခြားလေထုနှင့်ပတ်သက်သော အကြောင်းအရာများကို တိုင်းတာနိုင်ပြီး ရာသီဥတုခန့်မှန်းခြင်းအတွက် အရေးကြီးသော အချက်အလက်များကို ဖန်တီးနိုင်ပါသည်။
LiDAR ၏အနာဂါတ်
LiDAR နည်းပညာကို ပိုမိုကောင်းမွန်လာပြီး ပိုမိုတိကျ၊ ပိုမိုမြန်ဆန်ပြီး ထိထိရောက်ရောက် အသုံးပြုနိုင်စေရန် သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေလျှက်ရှိပြီး LiDAR device များ ပိုမိုသေးငယ်၊ ပေါ့ပါးပြီး ဈေးသက်သာလာစေရန်လည်း ကြိုးပမ်းနေကြပါသည်။ ထို့ကြောင့် အနာဂါတ်တွင် LiDAR ကို ပိုမိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်မှာဖြစ်ပြီး လျှပ်စစ်ပစ္စည်းများ၊ စက်ရုပ်များနှင့် အိမ်သုံးပစ္စည်းများတွင်ပါ ထည့်သွင်းအသုံးပြုလာနိုင်ရန် ရည်ရွယ်ထားပါသည်။ အလိုအလျောက်မောင်းနှင်သော မော်တော်ကားများတွင် ယခုလက်ရှိ တပ်ဆင်အသုံးပြုနေပြီး အနာဂါတ်၏ အလိုအလျောက်မောင်းနှင်သော မော်တော်ကားများတွင် အရေးကြီးသော ကဏ္ဍတစ်ခုအဖြစ် ဆက်လက်ပါဝင်လာပါမည်။ နည်းပညာသည် ဆက်လက်တိုးတက်နေပြီး ကုန်ကျစရိတ်များ သက်သာလာမှာ ဖြစ်သောကြောင့် အနာဂါတ်တွင် LiDAR ကိုအသုံးပြုမှုမှာ တဖြည်းဖြည်းချင်း ပိုမိုတွင်ကျယ်လာမှာ ဖြစ်ပါသည်။
Source – https://www.ibm.com/topics/lidar
