
GIS နယ်ပယ်မှာ အသုံးနည်း လူသိနည်းသော Z and M values ဆိုတာဘာတွေလဲ။
Shapefile (အခြားvector format များလည်းပါသည်) အသစ်တစ်ခုစတင်ဖန်တီးတဲ့အခါ အဆင့်တစ်ခုမှာ Z နဲ့ M value များ သုံးမှာလားဆိုရွေးခိုင်းတာ သတိထားမိတဲ့သူတွေရှိမှာပါ။


များသောအားဖြင့် အဲဒါတွေမရွေးပဲ default (None) အတိုင်း ပဲထားပြီးလုပ်လိုက်ကြတာများပါတယ်။
ဒါဆိုရင် Z and M value ဆိုတာ ဘာတွေလဲ?
Geometry feature များကိုပိုမိုတိကျစွာ ဖော်ပြလိုသောအခါ ၎င်းတို့၏ တည်နေရာနှင့်ပတ်သက်သော အချက်အလက်များတွင် Z and M တန်ဖိုးများကိုပါ ထည့်သွင်းဖန်တီးနိုင်ပါသည်။ ထို z နှင် m များသည် attribute table တွင် ဖော်ပြခြင်းမဟုတ်ဘဲ geometry တည်ဖကိုသိမ်းဆည်းထားသည့် ဖိုင်/data structure အတွင်းတွင် ရှိနေခြင်းဖြစ်သည်။
Z value သို့မဟုတ် Elevation value
Z တန်ဖိုးဆိုသည်မှာ အနိမ့်အမြင့်ကို ဖော်ပြသော တန်ဖိုးဖြစ်ပါသည်။
3D coordinates axes များဖြစ်တဲ့ x,y, z မှာ ပါတဲ့ အမြင့်ကို ပြတဲ့ coordinate Z တန်ဖိုးဖြစ်ပါတယ်။ 3D point, line, polygon တစ်ခုခု၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်တန်ဖိုးကို ဖော်ပြရာတွင် အသုံးပြုပါသည်။ ဥပမာ တောင်ကြောတစ်ခု၏ အနိမ့်အမြင့်ကို ဖော်ပြသော GIS dataset တစ်ခုတွင် ပင်လယ်ရေမျက်နှာပြင်အထက်ရှိ တောင်ထိပ်တစ်ခုချင်းဆီ၏ အမြင့်ကို Z တန်ဖိုးဖြင့် ဖော်ပြနိုင်ပါသည်။ Z တန်ဖိုးကို မြေမျက်နှာသွင်ပြင်ပြင်များ model များ၊ hydrology ဘာသာရပ်နှင့် သုံးဘက်မြင် ရုပ်လုံးကြွဖော်ပြရာတွင် အထူးသဖြင့် အသုံးဝင်ပါသည်။
Polyline နှင့် polygon များတွင် vertex တစ်ခုချင်းစီတွင် Z value များထည့်ပေးနိုင်သည်။ ဥပမာ ကားလမ်း polyline တစ်ခု၏ vertex များတွင် Z တွင် elevation တန်ဖိုးထည့်ပေးခြင်းဖြင့် 3D polyline တစ်ခုဖြစ်စေပါသည်။
M value သို့မဟုတ် measured value
M တန်ဖိုးသည် မည်သည့် တိုင်းတာမှုတန်ဖိုး မဆိုဖြစ်နိုင်ပါသည်။ ကိန်းဂဏန်းဒေတာအမျိုးအစားဖြစ်ရပါမည်။
M value in point – အပူချိန်၊ မိုးရေချိန် စသည့် တိုင်းတာရရှိချက်တို့ကို တိုင်းတာရာ နေရာ point များတွင် M value ဖြင့်ဖော်််နိုင်သည်။
M value in line – လမ်းကြောင်းတစ်လျောက် (မိုင်/ကီလိုမီတာ) နေရာဖော်ပြခြင်း (linear referencing)၊ ကြာချိန်၊ အကွာအဝေး နှင့် အခြား တိုင်းတာမှု တန်ဖိုးများကို M value တွင်သိမ်းဆည်းနိုင်ပါသည်။ ဥပမာ – ကားလမ်း polyline တစ်ခု၏ vertex နေရာများတွင် အစမှတ်မှတိုင်းတာထားသည့်အကွာအဝေးမိုင်တန်ဖိုးများကို M တန်ဖိုးဖြင့် ဖော်ပြနိုင်ပါသည်။ လမ်းကြောင်းတစ်ခုကို လေ့လာခြင်း၊ သယ်ယူပို့ဆောင်ရေး အစီအစဉ်ရေးဆွဲခြင်း နှင့် ပိုက်လိုင်းများ စီမံခန့်ခွဲခြင်းတို့ကဲ့သို့ လုပ်ငန်းများတွင် M တန်ဖိုးကို အသုံးပြုနိုင်ပါသည်။
M value in polygon – polygon vertex တိုင်းတွင် ကိုသိမ်းဆည်းနိုင်သော်လည်း လက်တွေ့ တွင် အသုံးပြုမှု မရှိသလောက်ဖြစ်သည်။
M value နှင့် Z value မှာ ဘာတွေကွာခြားလဲ?
အသုံးပြုသော ရည်ရွယ်ချက် – point နဲ့ vertex နေရာများတွင် ရှိသည့် အနိမ့်အမြင့် တန်ဖိုးများကို Z တန်ဖိုး အဖြစ်ဖော်ပြပြီး၊ အခြား အတိုင်းအတာ တန်ဖိုးများအတွက် M တန်ဖိုးအဖြစ် အသုံးပြုပါသည်။
အသုံးဝင်မှု – Z တန်ဖိုးသည် 3D GIS data များဖြင့် တွက်ချက်လေ့လာခြင်းနှင့် ပုံဖော်ခြင်းများအတွက် အသုံးဝင်ပါသည်။ M တန်ဖိုးသည် အမှတ်တစ်ခုခြင်း ရှိတိုင်းတာချက်များ ကိုသိမ်းဆည်းရန်သုံးနိုင်သော် လည်း အဓိကအသုံးဝင်သည်မှာ လမ်းကြောင်းကိုးကားစနစ် (linear referencing system) တွင်ဖြစ်ပြီး ထိုလမ်းတစ်လျှောက်ရှိ အရာဝတ္ထုများ အကွာအဝေး နှင့် အခြားအတိုင်းအတာတန်ဖိုးများ ကိုဖော်ပြ ရန်အသုံးဝင်ပါသည်။
အသုံးပြုမှု – မြေမျက်နှာသွင်ပြင် အနိမ့်အမြင်၊ သုံးဘက်မြင် ရုပ်လုံးကြွ နေရာများအတွက် ရေကြီးရေလျှံ model များဖန်တီးခြင်း တို့အတွက် Z တန်ဖိုးကို အသုံးများပါသည်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ စိစစ်လေ့လာခြင်း နှင့် ပိုက်လိုင်းများ စီမံခန့်ခွဲခြင်းတို့တွင် M တန်ဖိုးကို အသုံးများပါသည်။ အထူးသဖြင့် M value သည် Linear Referencing စနစ်တွင် မရှိမဖြစ်လိုအပ်သည့် value တစ်ခုဖြစ်သည်။
အနှစ်ချုပ်အားဖြင့် Z and M value များအသုံးပြုခြင်းဖြင့် ထပ်ဆောင်းအချက်အလက်များ GIS data တွင်ပါဝင်လာသဖြင့် အသုံးဝင်မှုကိုမြှင့်တင်ပေးနိုင်ပါသည်။ သိုသော်လည်း Z နှင့် M တို့ကို မတူညီသော ရည်ရွယ်ချက်များဖြင့်ထည့်သွင်းတည်ဆောက်ထားသဖြင့် GIS အသုံးချအပိုင်းတွင် လေ့လာလိုသည့်အကြောင်းအရာအပေါ်မူတည် ပြီးအသုံးပြုကြပါသည်။
M value စနစ်ပါသော GIS dataset ဖန်တီးခြင်း
မိမိဖန်တီးလိုက်သော shapefile (အခြား vector format များလည်းအလားတူ) တွင် Z နှင့် M တန်ဖိုးများကို သိမ်းဆည်းလိုလျှင် shapefile ကို စတင်ဖန်တီးသောအချိန်တွင် အသုံးပြုမည့်တန်ဖိုး(များ) ကို မှန်ကန်စွာရွေးပေးရမည် ဖြစ်ပါသည်။ အောက်ပါ ပုံတွင် ကြည့်ပါ။



ပုံမှန်းအားဖြင့် Z နှင့် M တို့မပါသည့် format ကိုရွေးထားလေ့ရှိသည်။ Z နှင့် M တန်ဖိုးကိုပါထည့်သွင်းဖန်တီးလိုလျှင် သက်ဆိုင်ရာ check box များကို ရွေးချယ်ပေးပါ။
Z နှင့် M မသုံးသော 2D format များတွင် နောက်အခါမှ Z နှင့် M တန်ဖိုးများထည့်သွင်းချင်ပါက ထည်လို့မရပါ။
Z နှင့် M value ကိုလက်ခံသော GIS format များ
| Format | Support M Value? | မှတ်ချက် |
| Shapefile (.shp) | yes | xyz, xyzm format ကိုအသုံးပြုရပါမည် |
| GeoPackage (.gpkg) | yes | |
| GeoJSON (.geojson) | partial | တရားဝင်ထုတ်ပြန်ထားသည့် geojosn format တွင် M value မပါရှိပါ၊ သို့သော် x,y,z,m တန်ဖိုး လေးခုတွဲကို သိမ်းဆည်းနိုင်ပါသည် သို့သော် tool အများစုက geojson ဖိုင်ကို ဖတ်သည့်အခါ တွင် စတုတ္ထမြောက် တန်ဖိုး (m) ကိုလစ်လျူရှုထားမည်ဖြစ်သည် |
| WKT / WKB (Well-Known Text/Binary) | yes | WKT 2.0 WKB2.0 versions |
| File Geodatabase (.gdb) | yes | |
| Enterprise Geodatabase (e.g., PostGIS, Oracle Spatial, etc.) | yes | |
| KML/KMZ | no | 2D (xy) or 3D coordinate (xyz) ကိုသာထောက်ပံ့သည်။ |
| DXF/DWG | no | attribute အနေနဲ့သာသိမ်းဆည်းပေးနိုင်သည် |
| GML | yes | GML 3+ သည် M value ကိုထောက်ပံ့ နိုင်သည်။ အသုံးပြုသည့်ဆော့ဝဲ အပေါ်မူတည်သည်။ |
